ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ရဲအရာရှိကို ဇန်နဝါရီလ ၂၀ ရက်က သေနတ်နှင့်ပစ်ခတ်ပြီး ထွက်ပြေးသည့် သေနတ်သမားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အဖွဲ့က ယနေ့ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် မဲဆောက်အာဏာပိုင်များထံသို့ ပြန်လွှဲအပ်ခဲ့ကြောင်း သိရသည်။
ကမဟာဝန် ကျေးရွာအုပ်စု မဲကိုကင်း ကျေးရွာနယ်စပ်မှ မြန်မာဘက်ကမ်းသို့ ထွက်ပြေးလာသည့် သေနတ်သမားကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီး ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူး စောဒါဘောနှင့် တပ်ဖွဲ့ဝင်များမှ ထိုင်းအာဏာပိုင်များထံ ပြန်လည်လွှဲ ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
“ဒီမနက် ပြန်လွှဲပို့လာတယ် ဗိုလ်ဒါဘောတို့။ အခုမနက် မဲဆောက် အာဏာပိုင်တွေ မဲကိုကင်းဘက်မှာ လာပြန်ခေါ်သွားပြီ” ဟု သေနတ်သမားလွှဲပြောင်းသည့် အခြေအနေကို သိရှိသူက ပြောသည်။
အဆိုပါ သေနတ်သမားကို မဲဆောက် အာဏာပိုင်အဖွဲ့အစည်းများ လူအင်အား တစ်ရာကျော်ဖြင့် ပိတ်ဆို့ရှာဖွေနေရာတွင် ဇန်နဝါရီ ၂၁ ရက်တွင် သေနတ်သမား စွန့်ပစ်ခဲ့သည့်သေနတ်နှင့် အဝတ်အစားများကို ကြံစိုက်ခင်းတစ်နေရာ၌ ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ ယနေ့ နှစ်ရက်မြောက်တွင် ယခုလို သောင်ရင်းမြစ် ဖြတ်ကူးပြီး မြန်မာဘက်သို့ ရောက်ရှိသွားရာမှ KNLA တပ်ဖွဲ့များက ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းမိသည့် သေနတ်သမားအား မဲဆောက်ရဲတပ်ဖွဲ့မှ မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်လာပြီး စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်ကာ တရားစွဲဆို အပြစ်ပေးနိုင်ရန် ရဲလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေကြောင်း ထိုင်းသတင်းများတွင် ရေးသားထားသည်။



















