ဇန်နဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပြစ်မှုကျူးလွန်ခဲ့သည့် မြန်မာလူငယ်တစ်ဦးကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့မှုအပေါ် ဝေဖန်မှုများ လုပ်ဆောင်ခြင်းသည် တော်လှန်ရေးတပ်ဖွဲ့ဝင် အချင်းချင်းကြား ပူးပေါင်းလုပ်ဆောင်မှု ပျက်ယွင်းအောင် တမင်ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး -KNU က ပြောဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရဲအရာရှိတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ပြီး မြန်မာဘက်ခြမ်းသို့ ထွက်ပြေးသွားသူအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယမန်နေ့တွင် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူး စောဒါဘောမှ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ခြင်းအပေါ် လူမှုကွန်ရက်သုံးစွဲသူအချို့က ဝေဖန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လွှဲပြောင်းခံရသူ လူငယ်သည် ယခင်က ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ကြောင်း အကြောင်းပြု၍ ဝေဖန်ပြောဆိုမှုများရှိသလို လူမျိုးရေးဆန်သော ဝေဖန်မှုချက်များကိုပါ ထည့်သွင်းပြောဆိုထားသည်ကို တွေ့ရှိရသည်။ တချိန်တည်းတွင် အာဏာသိမ်းစစ်တပ် လော်ဘီများကလည်း အကြမ်းဖက် PDF များသည် ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများ ဖန်တီးနေသည်ဟု အွန်လိုင်းပေါ်တွင် စွပ်စွဲပြောဆိုနေမှုကိုလည်း တွေ့ရှိရသည်။
ထိုစွပ်စွဲမှုအပေါ် ကေအဲန်ယူ၏ ပြောခွင့်ရသူ ပဒိုစောတောနီးက “ ကျနော်တို့ တော်လှန်ရေးမှာ ပါဝင်နေသူတွေ အချင်းချင်းကြား ယုံကြည်မှုပျက်ပြားအောင်၊ သံသယတွေဖြစ်လာအောင် ပူးပေါင်းလုပ်ဆောင်မှုတွေ ပျက်ယွင်းအောင်ဆိုပြီး တမင်ရည်ရွယ်ပြီး အခြေအနေရှုပ်ထွေးအောင်လုပ်နေတာပဲ ဖြစ်တယ်။ ကျနော်တို့အပေါ် စေတနာထားပြီး ပြောနေကြတဲ့ လူတွေ မဟုတ်ဘူးဆိုတာ သတိပေးစေချင်တယ် ” ဟု ကေအိုင်စီသို့ ပြောသည်။
ဖြစ်စဉ်အရ ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက် ညနေပိုင်း၌ မဲဆောက်မြို့ မယ်ကုရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် မြန်မာလူငယ် နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဝင်လှည့်ကင်းက စစ်ဆေးနေစဉ် အစစ်ဆေးမခံသူ တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြစ်မှုသည် ထိုင်းနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ထမ်းဆောင်နေသည့် အရာရှိတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည့်အတွက် ကြီးလေးသည့် ပြစ်မှုတစ်ရပ်ဖြစ်ကြောင်း၊ ထိုသို့သောကိစ္စကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ မျက်ကွယ်ပြု၍ မရကြောင်းဟု KNU ဘက်က ပြောဆိုသည်။
KNU အနေဖြင့်လည်း ယခင်ဖြစ်ပွားခဲ့သည့် အလားတူဖြစ်ရပ်များတွင် မည်သည့် လူမျိုး၊ မည်သည့် အဖွဲ့အစည်းဖြစ်စေ ပြစ်မှုကျူးလွန်ပါက တာဝန်ရှိရှိ ကိုင်တွယ်ဖြေရှင်းလာခဲ့ကြောင်း၊ ယခုကိစ္စ သည်လည်း လူတစ်ဦးတစ်ယောက်ကိုသာ ဦးတည်ခြင်းမဟုတ်ကြောင်း ပဒိုစောတောနီးက ဆက်ပြောသည်။
“ကျနော်တို့ကတော့ တာဝန်ရှိ၊ တာဝန်သိမှုနဲ့ သူတို့နဲ့ လက်တွဲပြီးတော့ ဘယ်လူမျိုးဖြစ်ဖြစ် ဘယ်လိုမှ ထောက်ထားလို့ မရပါဘူး။ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဒီမှာ အဆင်ပြေချင်တယ်ဆိုရင်တော့ အဆင်ပြေပြေနဲ့ နေကြပါ။ သူများတွေနဲ့ သဟဇာတဖြစ်နေတဲ့ အနေအထားမျိုးတွေနဲ့ နေကြပါလို့လည်း တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ထိုင်းနိုင်ငံသည် မြန်မာပြည်သူများ ဒုက္ခရောက်ချိန်တိုင်း ခိုလှုံရာနေရာဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သန်းနှင့်ချီကာ ဝင်ရောက်လာသော ပြည်သူလူထုများကို လက်ခံထား ပေးသည့်အတွက် အိမ်နီးချင်းနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို လေးစားရန် တာဝန်ရှိကြောင်းလည်း ပဒိုစောတောနီးက ထည့်သွင်းပြောဆိုခဲ့သည်။
ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သောကြောင့် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့် ရဲအရာရှိ ကိုလည်း မဲဆောက်မြို့တွင် နေထိုင်ကြသည့် ရွှေ့ပြောင်း မြန်မာနိုင်ငံသားအချို့က ပါဝင် သွေးလှူ ဒါန်းခဲ့ကြပြီး လက်ရှိတွင် ဒဏ်ရာအခြေအနေကောင်းမွန်လာပြီဖြစ်ကြောင်း သိရှိရသည်။



















