Home သတင်း ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစစ်ရှောင်စခန်း၌ ရာသီတုပ်ကွေးအဖြစ်များပြီး ဆေးဝါးလိုအပ်နေ

ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစစ်ရှောင်စခန်း၌ ရာသီတုပ်ကွေးအဖြစ်များပြီး ဆေးဝါးလိုအပ်နေ

417

ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်း ဝေါလေဒေသရှိ သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် ယခုတလော စစ်ရှောင် ပြည်သူများအကြား ရာသီတုပ်ကွေးဖြစ်ပွားမှုများလာပြီး ဆေးဝါးလိုအပ်လျက်ရှိကြောင်း စစ်ရှောင်စခန်း ကျန်းမာရေးတာဝန်ခံထံမှ သိရသည်။

ယခု ဆောင်းရာသီကာလဖြစ်၍ ရာသီဥတု အအေးဒဏ်ကြောင့် အသက်လတ်ပိုင်း အရွယ်များအပြင် ကလေး အများစုသည် ရာသီတုပ်ကွေး ဖြစ်ပွားမှုနှုန်း ပိုမိုများပြားနေခြင်းဖြစ်ကြောင်း ကျန်းမာရေးတာဝန်ခံ စောလားဝါးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဖြစ်နေတာကတော့ ဒီလအတွင်း တစ်ထောင်ကျော်လောက်ရှိတယ်။ ကလေးတွေမှာ ပိုပြီးတော့ ဖြစ်နေတယ်။ အကူအညီတွေကလည်း ပြောရရင် သိပ်မရတော့ဘူး။ ဆေးဆိုင်တွေနဲ့ နီးစပ်ရင်တော့ ဆေးစာတွေ ရေးပေးပြီး သွားဝယ်သောက်ခိုင်းရတဲ့ အခြေအနေတွေ ရှိတယ်” ဟု ပြောသည်။

အဆိုပါ စစ်ရှောင်စခန်း၌ ဆေးဝါးအပြင် လတ်တလော ရာသီဥတုအေးသောကြောင့် စောင်နှင့် အနွေးထည်များ မလုံလောက်မှုကိုပါ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

“အခုက တအားအေးနေတာ။ ရာသီအပြောင်းအလဲလည်းဖြစ်နေတော့ ဒီဘက်ကို ပြေးလာတဲ့ သက်ကြီးရွယ်အိုးတွေအတွက် စောင်၊ အနွေးအထည်၊ အဝတ်အစားတွေ လုံလုံလောက်လောက်မှ မရှိဘူး။ အကူအညီတွေလည်း လျှော့နည်းလာတယ်” ဟု ထိုကျန်းမာရေး တာဝန်ခံက ဖြည့်စွက် ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့တောင်ဘက်ဒေသတွင် တိုက်ပွဲများကြောင့် ပလောတပို့၊ အင်ကြင်းမြိုင်၊ တဘူခို့ခီး၊ ရသေ့ဂူ၊ သေ့ဘောဘိုး၊ နို့ဖိုး၊ မင်းလက်ပံနှင့် ဘုရားကုန်း စသည့် နှစ်ရှည် နေရပ်စွန့်ခွာ နေထိုင်ရသည့် စစ်ရှောင်နေရာ (၈) ခုတွင် စစ်ဘေးရှောင် ၃,၀၀၀ ကျော် ရှိကြောင်း သိရသည်။

စစ်အုပ်စု အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ် တပ်များနှင့် စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားနေသည့် မြဝတီတောင်ပိုင်းတွင် အရပ်သားများ၏ စစ်အုပ်စုတပ် ဘက်က နေအိမ်များသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကို ဆက်တိုက် ပြုလုပ်နေသောကြောင့် စစ်ဘေးရှောင်များ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်ကြခြင်း ဖြစ်သည်။

အဆိုပါ စစ်ရှောင်စခန်း (၈) နေရာတွင် နေရပ်မပြန်ရဲသည့် အိမ်ထောင်စု (၃၃၀) ခန့်ရှိပြီး ထိုစစ်ရှောင်များအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတို့ကို လှူမည့် သူများ နည်းပါးလာသည်ဟု အကူအညီပေးနေသူများက ပြောသည်။ ယခု ဇန်နဝါရီလမှစ၍ ဆန်နှင့် အခြေခံ စားသောက်ကုန် ရိက္ခာ ပြတ်လပ်သည့် အခြေအနေ ဖြစ်နေကြောင်းလည်း ပြောသည်။

ထို့အပြင် စစ်ဘေးရှောင် နေရာများတွင် ကျန်းမာရေး၊ ပညာရေး အကူအညီပေးနေသူများအတွက်လည်း လူအင်အား၊ ဆေးဘက်ဆိုင်ရာ သုံးပစ္စည်းများ၊ သင်ကြားရေး အထောက်အကူကိရိယာများနှင့် ရိက္ခာ လိုအပ်ချက်များလည်း ရှိနေကြောင်း ကူညီစောင့်ရှောက်မှုပေးသည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။