ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေ/တောအူး(တောင်ငူ)ခရိုင်၊ ထန်းတပင်မြို့နယ်၊ မော်နေဘွာ ကျေးရွာအုပ်စု ဇီဒေါခိုကျေးရွာအတွင်းသို့ စစ်အုပ်စုတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် သက်ကြီးရွယ်အို အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့ ( ဇန်နဝါရီ ၂၁ ရက်) တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်၊ နေ့လည် ၁၂ နာရီ ၃၅ မိနစ်နှင့် ၁ နာရီ ၁၅ မိနစ်အချိန်တွင် စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ပေါင် ၅၀၀ ဗုံး ၃ လုံးအား ကျေးရွာအတွင်းသို့ ကြဲချတိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇီဒေါခိုကျေးရွာသားများဖြစ်ကြသည့် အသက် (၈၅) နှစ်အရွယ် နော်ဖော်ဆဲ နှင့် အသက် (၅၅) နှစ်အရွယ် နော်မူသဲ တို့မှာ ဗုံးစထိမှန်ကာ သေဆုံးခဲ့ပြီး အသက် ၅၂ နှစ်အရွယ် နော်ဝါးနှင့် အသက် ၆၄ နှစ်အရွယ် နော်ချာခူးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ၎င်းတိုက်ခိုက်မှုကြောင့် ဇီဒေါခိုကျေးရွာရှိ နေအိမ် (၆) လုံးလည်း ထိမှန်ပျက်စီးခဲ့သည့်အပြင် ဒေသခံပြည်သူများလည်း ထိတ်လန့်ကြောက်ရွံ့ကာ ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူက ပြောသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါးနှင့် အမိုးအကာစသည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















