ဇန်နဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်၊ ညအချိန်တွင် စစ်အုပ်စု ဘုရင့်နောင်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံထံမှ သိရသည်။
ယမန်နေ့ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘုရင့်နောင်တပ်ရှိသည့်နေရာမှ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ရာ သံတောင်ကြီးမြို့ ရပ်ကွက် (၃) ရှင်ဂျောကျက် အင်္ဂလီကန် ဘုရား ကျောင်းဘေး၌ ကျရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး၏ တင်နှင့် ခြေထောက်တို့ ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ပစ်ခတ်သံ ဘာမှမကြားရဘူး၊ ကျသံပဲ ကြားရတယ်။ အသံတစ်ချက်ကြားတော့ ခဏနေ လေယာဉ်သံ၊ ဒရုန်းလာတဲ့ အသံတွေ ပြန်ကြားရတယ်။ ထိသွားတဲ့ အမျိုးသမီးက သူ့ကလေး အိမ်သာထဲ ဝင်တာကို အပြင်ကနေ စောင့်ပေးတဲ့အချိန်မှာ ထိသွားတယ်” ဟု ၎င်းမြို့ခံအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဘုရင့်နောင်တပ်မှ သံတောင်ကြီးမြို့ထဲသို့ လက်နက်ကြီးပစ်ခတ်ခြင်းများကို မကြာခဏ လုပ်ဆောင်လေ့ရှိသည့်အတွက် မြို့ခံပြည်သူများသည် စိုးရိမ်စိတ်များနှင့်သာ နေထိုင်ကြရသည်ဟု မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်၊ ညအချိန်တွင်လည်း စစ်အုပ်စု၏ ဘုရင့်နောင်တပ်မှ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် သံတောင်ကြီးမြို့ ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) ကြားတွင် ကျည်ကျရောက်ပေါက်ကွဲပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။




















