“ပြည်သူအချင်းချင်း ပြန်လည်ရိုင်းပင်းဖို့၊ ထောက်ပံ့ကူညီနိုင်ဖို့က ဌာနရဲ့ရည်မှန်းချက်ဖြစ်တယ်” ပဒိုစောလေစေး (ကော်သူးလေ ဗဟိုလယ်ယာ နှင့် စိုက်ပျိုးရေးဌာန)
ကော်သူးလေ ဗဟိုလယ်ယာနှင့် စိုက်ပျိုးရေးဌာနမှူး ပဒိုစောလေစေးနှင့် မေးမြန်းခြင်း
ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးသီးနှံ မျိုးစေ့ဖြန့်ဝေသည့် စီမံကိန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်နေသည့် အခြေအနေနှင့် ပတ်သက်၍ ကော်သူးလေ ဗဟိုလယ်ယာနှင့် စိုက်ပျိုးရေးဌာန၊ ဌာနမှူး ပဒိုစောလေစေးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ လယ်ယာစိုက်ပျိုးရေးဌာနအနေနဲ့ ပြည်သူတွေကို သီးနှံမျိုးစေ့ ဖြန့်ဝေပေးတဲ့ စီမံကိန်းအပေါ် ရှင်းပြပေးပါဦး။
မျိုးစေ့ဝေပေးတာက အဓိက ရည်ရွယ်ချက် (၂) ချက်ပါပါတယ်။ စိုက်ပျိုးသီးနှံ မျိုးစေ့ပေးတာကလည်း မိရိုး ဖလာအတိုင်း အသုံးပြုစိုက်ပျိုးပြီး ထိန်းသိမ်းခဲ့တဲ့ သီးနှံမျိုးစေ့တွေ ဖြစ်ပါတယ်။ ဒီမိရိုးဖလာ အသုံးပြုတဲ့ မျိုး စေ့တွေ မပျောက်ကွယ်ဖို့အတွက် လူထုတွေနဲ့ ပူးပေါင်းပြီး ထိန်းသိမ်း ပြန်စုဆောင်းတာ ဖြစ်ပါတယ်။ မျိုးစေ့ တချို့က ယူတယ်၊ တချို့က ပြန်ရောင်းတယ်။ တချို့ကတော့ ဌာနဆိုင်ရာတွေက ပြည်သူတွေကို ပေးဝေတာ ရှိပါတယ်။
ကျနော်တို့ ဌာနက အကောင်အထည်ဖော် လုပ်ဆောင်တာတွေထဲမှာ တူးမြောင်းတူးဖော်ပေးတာလည်း ပါပါတယ်။ အထူးသဖြင့် လယ်ယာလုပ်ကိုင်တဲ့ တောင်သူတွေအတွက် ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လယ်တွေက တခြားစိုက်ပျိုးရေးထက် အစားအသောက်ဖူလုံဖို့ သေချာမှုရှိလို့ပါ။ တူးမြောင်းတူးဖော်ပေးတာက စိုက်ပျိုးရေး လုပ်ဆောင်တဲ့အခါ ရေအပြည့်အဝ ရရှိဖို့အတွက် ဖြစ်ပါတယ်။
ဒေသအတွက် စိုက်ပျိုးရေးတွေ ထွန်းကားလာဖို့ အစားအသောက်ဖူလုံဖို့ လိုပါတယ်။ ပြီးရင် လိုအပ်တဲ့နေရာမှာ ထောက်ပံ့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အခုဆိုရင် ဒေသအတွင်းကို အစားအသောက်ကုန် ရိက္ခာတွေ ဝင်လာဖို့ ခက်ခဲတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် ဒေသအတွင်း အစားအသောက်ဖူလုံဖို့ စပါးတွေ ပြန်တိုးချဲ့ စိုက်ဖို့ လိုပါတယ်။ တခြား ဟင်းသီးဟင်းရွက် သီးနှံတွေကိုလည်း စိုက်ခိုင်းပါတယ်။
မေး။ ။ ဗဟိုလယ်ယာစိုက်ပျိုးရေးဌာနအနေနဲ့စပါးမျိုးစေ့ကို ဧကဘယ်လောက်အတွက် ထောက်ပံ့ပေးထားပြီးပြီလဲ။
စပါးစိုက်တာကတော့ ဒူးပလာယာ၊ ဒူးသထူ၊ တောင်ငူ၊ ညောင်လေးပင်၊ ဖားအံနဲ့ မူတြော် ခရိုင် (၆) ခုကို ပေးထားပါတယ်။ ဘိတ်ထားဝယ် ခရိုင်ကတော့ နည်းနည်းဝေးတဲ့အတွက် ကျနော်တို့ ထောက်ပံ့ကူညီဖို့ မရောက်သေးပါဘူး။ ဒါပေမယ့် ဆက်လက်ကြိုးစားနေပါတယ်။
စပါးစိုက်တာက ခရိုင်တစ်ခုကို ဧက ၄၀၀ ပေးပါတယ်။ ကျနော်တို့ ဌာနက ကိုယ်တိုင်စိုက်တာ မဟုတ်ပါဘူး၊ ပြည်သူကို ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ စပါးမျိုးစေ့ရယ်၊ စိုက်ပျိုးစရိတ် နည်းနည်းပါးပါးရယ် ပေးပါတယ်။
နောက်ပြီး လိုအပ်တဲ့ လယ်ထွန်စက်တွေကိုလည်း ကူညီလုပ်ဆောင်ပေးတာ ရှိပါတယ်။ အဲဒီအပြင် စပါးမျိုးစေ့တွေ မကောင်းသွားမှာ စိုးရိမ်တဲ့အတွက် လိုအပ်ရင် ပေးနိုင်ဖို့ ဒူးပလာယာ၊ ညောင်လေးပင်၊ ဖားအံ ခရိုင် (၃) ခုမှာ စပါးမျိုးစေ့ စိုက်ဖို့ မျိုးစပါး ဧက ၄၀ စိုက်ထားပါတယ်။ ဘာလို့လဲဆိုရင် တချို့နှစ်တွေမှာ သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး စပါးတွေ ပျက်စီးဆုံးရှုံးတာ ရှိတဲ့အတွက် အစားထိုး ပြန်စိုက်ဖို့ လူထုတွေ လိုအပ်လာရင် ထောက်ပံ့ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။
မေး။ ။ ဒီလိုအကောင်အထည်ဖော်တဲ့ စီမံကိန်းက စတင်လုပ်ဆောင်တာ ဘယ်လောက်ကြာပြီလဲ။ ၂၀၂၆ ခုနှစ်မှာ ဘယ်လို စီမံကိန်းတွေ ချမှတ်ထားတာရှိပါသလဲ။
အစီအစဉ်တွေက ၂၀၂၅ ခုနှစ်က စတင်တယ်။ သို့သော် ဒီတူးမြောင်းတွေက ၂၀၂၅ မှာ မပြီးတာတွေလည်း ရှိတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ်မှာ တူးမြောင်းတွေ ပြီးအောင်လုပ်ရမယ်။ နွေစပါးအပြင် အာလူးတို့၊ မြေပဲတို့ အဲလို ဟာတွေက နွေရာသီမှာ စိုက်တော့ ရေရရှိဖို့ တူးမြောင်းလိုအပ်တယ်။ ဖားအံခရိုင်မှာ တူးမြောင်းတူးဖို့ တစ်ခုကျန် တယ်။ မူတြော်ခရိုင်မှာ ၂ ခုကျန်တယ်။ ပြီးတော့ ဒူးသထူးခရိုင်မှာ တစ်ခုကျန်တယ်။ အမှန်ဆို မူတြော်ခရိုင် ၂ ခုက ပြီးပြီ။ ပြန်ပျက်သွားတဲ့အတွက်ကြောင့် အစီအစဉ်တွေက မပြီးတော့ ဆက်လုပ်ရမယ်။
မေး။ ဒီလို လုပ်ဆောင်ပေးတဲ့အပေါ်မှာ ပြည်သူလူထုတွေဘက်ကရော ပူးပေါင်းဆောင်ရွက်မှု၊ စိတ်အားထက်သန်မှုတွေ ဘယ်လိုရှိလဲ။
စပါးမျိုးစေ့ ဧက ၄၀၀ စာ ထောက်ပံ့ပေးမယ်ဆိုတော့ ပြည်သူတွေက ဝမ်းသာတယ်။ အစက ကျနော်တို့ ပြောထားတာ တကယ်လို့ စပါးရိတ်ပြီး ပြန်ရရင် ၁၀ ရာခိုင်နှုန်းဖြစ်ဖြစ် ဌာနကို ပြန်ပေးရမယ်ပေါ့။ ဘာလို့ အဲလိုလုပ်လဲဆိုရင် ဒေသအတွင်း စစ်ရှောင်နေရတဲ့ လူထုအတွက်ဖြစ်ဖြစ်၊ အရေးပေါ်လိုအပ်ချက်တွေ ဖြစ်ဖြစ်ပေါ့ ပြန်သုံးမယ်။ အဲလိုပြောတော့ သူတို့တွေက နားမလည်တော့ အစက သိပ်မလက်ခံချင်ဘူး။ နောက်တော့မှ ကျနော်တို့တွေက သူတို့တွေကို အရင်းစိုက် ပေးတယ်၊ သူတို့ လုပ်ရုံပဲဆိုတော့ နားလည်လာပြီး ပြန်လက်ခံတယ်။
အရင်နှစ်က သူတို့ စပါးပိုးကျတော့ ကျနော်တို့ဘက်က သူတို့ကို ပြန်ကူညီပေးတယ်။ ပိုးမကျအောင် ဘယ်လိုကာကွယ်ရမလဲ သင်ပေးတာတွေလည်း ရှိတယ်။ တချို့ လယ်သမားတွေဆိုရင် လာမယ့်နှစ်မှာ စိုက်ဖို့ မျိုးစေ့ ထပ်တိုးပြီး တောင်းလာတာတောင် ရှိလာတယ်။ သူတို့အတွက် အထောက်အကူပြုတော့ အကျိုးရလဒ်ကို သိပြီး ထပ်တိုးချဲ့စိုက်မယ်။ ကျနော်တို့ဘက်က အကူအညီတွေ မရှိသေးတော့ ကြိုးစားတယ်။ ပြီးတော့ စပါးစိုက် တာ မိုးစပါး၊ နွေစပါး ရှိတော့ မိုးစပါးရလဒ်တွေကို သူတို့ သိပြီး နွေရာသီအတွက်ပဲ ကျန်တော့တယ်။
မေး။ ။ ဒီလို ပြည်သူအတွက် စတင်အကောင်အထည်ဖော်ပေးတဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရတာတွေ ရှိလဲ။
အခက်အခဲတွေက ရှိတာပေါ့။ အခုမှ စတင်အကောင်အထည်ဖော်တော့ သဘာဝဘေး ဖျက်ဆီးတာတွေကိုလည်း ကြုံတွေ့ရတယ်။ တကယ်လို့ သူတို့ အကောင်အထည်စိုက်ပျိုးတာ မအောင်မြင်ရင် သူတို့ မလုပ်ချင်မှာ စိုးရိမ်တယ်။ ကျနော်တို့လည်း ပညာရှင်တွေနဲ့ ကြိုးစားရှာပြီး လုပ်ဆောင်ပေးတော့ သူတို့ စိုက်ပျိုးရေး အကောင် အထည်ဖော်တာ ၇၅ ရာခိုင်နှုန်းအထက် အောင်မြင်တော့ သူတို့လည်း ဆက်လက်လုပ်ဖို့ စိတ်အားထက်သန်မှု ရှိတယ်။
လာမယ့် ၄ နှစ်အတွက် ကျနော်တို့ မဟာဗျူဟာ စီမံကိန်း ပြောင်းထားတာ ရှိတယ်။ ဘာတွေလဲဆိုတော့ စိုက်ပျိုးရေး သင်တန်းတွေကို လူငယ်တွေ စိုက်ပျိုးရေးစိတ်ပါဝင်စားအောင် သင်တန်းပေးမယ်။ ပြီးတော့ စာသင် ကျောင်းတွေမှာလည်း ဥပမာ ဘော်ဒါမှာနေတဲ့ ကလေးတွေ သူတို့အတွက် အစားအသောက် ဖူလုံဖို့ စိုက်ပျိုးရေး လက်တွေ့ သင်ပေးမယ့် အစီအစဉ်တွေလည်း ရှိတယ်။
နောက်ပြီး ၄ နှစ်အတွင်းမှာ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ကြက်သွန်၊ ငရုပ်သီး၊ အာလူး အဲဒါတွေ လုံလောက်မှု ရှိအောင် လုပ်မယ်။ ပြီးတော့ တူးမြောင်းတွေကိုလည်း ထပ်တူးဖို့ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အထောက်အပံ့ ဘတ်ဂျက် ရှာရဦးမယ်။ နောက်တစ်ခုက ခရိုင်မြို့နယ်တိုင်းမှာ စိုက်ပျိုးရေးဌာန စိုက်ပျိုးနေရာ ရှိရမယ်။ ဘာဖြစ်လဲဆိုတော့ ပြည်သူတွေကို သင်တန်းပေးရင် လက်တွေ့လုပ်နိုင်ဖို့ ကျနော်တို့ ရေးစွဲထားတာ ရှိတယ်။ နောက်ပြီး ကုန်ကြမ်းကနေ ကုန်ချောဖြစ်ဖို့ အဲလိုဟာတွေ လုပ်ဆောင်ဖို့ အစီအစဉ်ရေးဆွဲထားတာ ရှိတယ်။
မေး။ ။ အခု အကောင်အထည်ဖော်နေတဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ဗဟိုလယ်ယာ စိုက်ပျိုးရေးဌာနအနေနဲ့ ပြည်သူတွေကို ဘယ်လို သတင်းစကား ပါးချင်တာများ ရှိမလဲ။
အဓိကတော့ ပြည်သူလူထုတွေအနေနဲ့ ဒီစိုက်ပျိုးရေးကို စိတ်အားထက်သန်စွာ ပြန်လည်စိတ်ဝင်စားဖို့ပါ။ ဘာလို့လဲဆိုရင် အခုအခြေအနေက တိုက်ပွဲအခြေအနေ ဖြစ်ပြီး ရန်သူတွေဘက်ကလည်း ကျနော်တို့ ပြည်သူလူထုကို အဘက်ဘက်က ဖိနှိပ်မှု၊ ဟန့်တားမှုတွေ လုပ်တယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ စိတ်အားထက်သန်ဖို့ လိုတယ်။ ကျနော်တို့မှာ မြေရှိတယ်၊ နေရပ်စွန့်ခွာ မဟုတ်တဲ့ ပြည်သူတွေအနေနဲ့ ပြည်သူအချင်းချင်း ပြန်လည်ရိုင်းပင်းဖို့၊ ပြန်လည်ထောက်ပံ့ ကူညီနိုင်ဖို့က ဌာနရဲ့ ရည်မှန်းချက် ဖြစ်တယ်။


















