Home သတင်း ကော့ကရိတ်ကစစ်ရှောင်များကို စစ်အုပ်စုက မက်လုံးပေးခြိမ်းခြောက် မဲပြန်ထည့်ခိုင်း

ကော့ကရိတ်ကစစ်ရှောင်များကို စစ်အုပ်စုက မက်လုံးပေးခြိမ်းခြောက် မဲပြန်ထည့်ခိုင်း

472

ဇန်နဝါရီ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ လုံခြုံရေးအခြေအနေကြောင့်နေရပ်တိမ်းရှောင်နေသူများအား စစ်အုပ်စုကမက်လုံးရော ဖိအားပါပေးပြီး လာမည့် ဇန်နဝါရီ(၂၅)ရက်နေ့တွင်ပြုလုပ်မည့်ရွေးကောက်ပွဲအတွက် နေရပ်ပြန်မဲထည့်ခိုင်းစေနေကြောင်း ဝန်ထမ်းမိသားစုများနှင့်မြို့ခံအသိုင်းအဝိုင်းမှ သိရသည်။

တကျော့ပြန်ပြင်းထန်နေသည့် ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံလူထုအများစုမှာ ဘေးကင်းလုံခြုံရာနေရာများတွင် ကာလရှည်ကြာစစ်ရှောင်နေရဆဲဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲလုပ်မည်ဆိုသော်လည်း လုံခြုံရေးကြောင့် မြို့ပေါ်၌သာမဲရုံထောင်နိုင်သော အခြေအနေရှိသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

စစ်အုပ်စုကမူ စစ်ဘေးရှောင်များမဲပြန်ထည့်ပါက စရိတ်စကကျခံ၍ မော်တော်ယာဥ်အကြိုအပို့လုပ်ပေးမည်ဖြစ်ပြီး မဲမထည့်သူများကိုလည်း အကြောင်းပြ ခြိမ်းခြောက်အကြပ်ကိုင်နေသည်ဟု ဝန်ထမ်းမိသားစုဝင်တစ်ဦးက ပြောသည်။

“စစ်ရှောင်တွေကို မဲပြန်ထည့်ဖို့ ကားအကြိုအပို့လုပ်ပေးမယ်၊ စားစရိတ်လည်းခံမယ်တဲ့။ မဲမထည့်တဲ့သူ‌ကျတော့ ထောက်ပံ့မှုမပေးတော့တဲ့အပြင် ဝန်ထမ်းဆိုနေရာမပေးတော့ဘူးဆိုပြီး ဖိအားပေးနေတယ်”ဟု အဆိုပါကော့ကရိတ်မြို့နေထိုင်သူက ပြောသည်။

ဒေသတွင်းသတင်းများအရ ကော့ကရိတ်မြို့ပေါ်အခြေစိုက် စစ်အုပ်စုကမြို့ပြင်ကျေးရွာများဘက်ကို လက်နက်ကြီးနှင့်ဒရုန်းများတိုက်ခိုက်နေပြီး မဲရုံနေရာရရန် စစ်ကြောင်းများဆက်တိုက်တိုးဝင်နေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲနေ့စဥ်ဖြစ်နေသည်။

တဖက်တွင်လည်း တော်လှန်ရေးအင်အားစုများက စစ်အုပ်စုအလိုအလျှောက်အနိုင်ရမည့်အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ ပြည်သူများမဲမထည့်ကြရန်လိုကြောင်း တိုက်တွန်းနှိုးဆော်မှုရှိနေသည်။

လေ့လာစောင့်ကြည့်နေသူတချို့ကမူ ကော့ကရိတ်မြို့နယ်ရွေးကောက်ပွဲ၌ စစ်တပ်ထောက်ခံသူအသိုင်းအဝိုင်း၊ ဖိအားပေးခံရသည့်ဝန်ထမ်းအချို့နှင့် မဖြစ်မနေအခြေအနေကြောင့်မဲထည့်ရသည့် ပြည်သူတချို့သာ မဲသွားပေးနိုင်သည်ဟု ခန့်မှန်းပြောဆိုကြသည်။