Home သတင်း ကော့ကရိတ်တွင် မိုးပျံပူဖောင်းဖြင့်ကင်းထောက် တိုက်ခိုက်မှုစနစ် စစ်အုပ်စုပြောင်းလဲအသုံးပြုလာ

ကော့ကရိတ်တွင် မိုးပျံပူဖောင်းဖြင့်ကင်းထောက် တိုက်ခိုက်မှုစနစ် စစ်အုပ်စုပြောင်းလဲအသုံးပြုလာ

1053
Photo: Internet

ဒီဇင်ဘာ (၂၂) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိတိုက်ပွဲများအတွင်း စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားနယ်မြေများကို ကင်မရာတပ်ဆင်ထားသည့် မိုးပျံပူဖောင်းများ လွှတ်တင်ထောက်လှမ်းပြီးမှတိုက်ခိုက်သည့်စနစ်ကို ပြောင်းလဲအသုံးပြုလာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

ပြီးခဲ့သည့်လပိုင်းများတွင် ကော့ကရိတ်တောင်ပိုင်းနှင့်မြောက်ပိုင်းရှိ KNLA မဟာမိတ်တပ်နှင့်နှစ်ဖက်ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်ကအထိနာခဲ့ပြီးနောက် မိုးပျံပူဖောင်းလွှတ်တင်ထောက်လှမ်း၍ အသေခံဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်သည့်ပုံစံသို့ ပြောင်းလဲအသုံးပြုလာခြင်းဖြစ်သည်ဟု KNLA မဟာမိတ်တပ်ကဆိုသည်။

“ကမိုင်ကုန်း၊ ကော့နွဲ့၊ ရွာသစ်ကုန်းဘက်မှာ မနက်ကနေ နေ့လယ်အထိပတ်ပြီး ညနေပိုင်းကျတော့ ဒရုန်းရောလက်နက်ကြီးရော ပစ်တော့တာပဲ။ နောင်ကိုင်း၊ မိဖာလဲ ရွာဘက်လည်းအဲဒီလိုပဲ။ မြေပြင်စစ်ကြောင်းမတက်ဘဲ အဲဒီပူဖောင်းတွေပဲအားကိုးလာတယ်။ တစ်ခါတက်ရင် လေးငါးလုံး။ သူက ရပ်ရင်အကြာကြီး၊ သေနတ်နဲ့ပစ်ချလို့မမှီဘူး” ဟု ကလိုထူးဝါးစစ်ကြောင်းမှ အမည်မဖော်လိုသူတပ်ဖွဲ့ဝင်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၉) ရက်နေ့ကလည်း မိုးပျံပူဖောင်းဖြင့်ကင်းထောက်ပြီးနောက် ညပိုင်းအချိန်တွင် ကော့ကရိတ် ခြေလျှင်တပ်ရင်း ခလရ (၉၇) တပ်ဘက်မှ ရွာတန်းရှည်၊ ဒေါက်ပလန်၊ စက္ကဝက် အစရှိသည့်ကျေးရွာများဘက်သို့ အတွဲလိုက်ပစ်မစ်ဇိုင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဒီဇင်ဘာ(၂၀)ရက်က ကော့ကရိတ်မြို့ အခြေစိုက် စစ်အုပ်စုတပ်စခန်းဘက်မှ ပူဖောင်း(၅)လုံး လွှတ်တင်ကင်းထောက်ပြီး ထီဖိုးစံ၊ နောင်ကိုင်း၊ မိဖာလဲ၊‌ စော်ဟဲ ရွာများတွင် ဒရုန်းဗုံးသီးများကြဲချတိုက်ခိုက်ခံခဲ့ရကြောင်း ထီးဖိုးစံရွာခံများထံမှ သိရသည်။

Photo: CJ

ထီးဖိုးစံရွာခံ စစ်ရှောင်အမျိုးသားတစ်ဦးက “ပူဖေါင်း ၅ လုံးတက်ပြီးသိပ်မကြာဘူး ဒရုန်းတွေရောက်လာပြီးဗုံးသီးချတယ်။ မိဖာလဲ၊ နန်း‌ရွှေမိတ်ထိ တောက်လျှောက်ပဲ၊ စစ်တပ်ကမြေပြင်မှာရှေ့မတိုးလာတော့ဘူး” ဟု ၎င်းက ကေအိုင်စီကိုပြောသည်။

မြေပြင်စစ်ကြောင်းထိုးမှုများ ယခင်ထက်နည်းပါးသွားသော်လည်း နေရာထောက်လှမ်းပြီးမှပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် စစ်ရှောင်ရသည့်ကျေးရွာများ ဆက်ရှိနေသလို ကော့ကရိတ်မြို့ပြင်ရွာချင်းဆက်လမ်းဆုံနေရာများတွင်လည်း စစ်အုပ်စုက ဂိတ်ချစစ်ဆေး၍ နေအိမ်ပြန်လာသည့်စစ်ရှောင်များကို ဖမ်းဆီးငွေညစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မိုးပျံပူဖောင်းသုံးကင်းထောက်တိုက်ခိုက်သည့်ပုံစံကို ကော့ကရိတ်၊ ကျုံဒိုး ဒေသ၌သာမက မြဝတီမြို့တောင်ပိုင်းရှိ လေးကေကော်၊ မင်းလက်ပံနှင့် ဖလူးလေးကျေးရွာဘက်တွင်လည်း ပြုလုပ်လျက်ရှိသည်ဟု ဒေသခံတို့ကဆိုသည်။

၎င်းတွင် မြဝတီမြို့စောင့်တပ် ခြေလျှင်တပ်ရင်း ခလရ-၂၇၅ နှင့် စစ်အုပ်စုတပ်စွဲထားသည့် မယ်ထော်သလေးရွာရှိ KK Park ငွေလိမ်ခြံဝင်းတို့မှ ကာမီကာဇေအသေခံဒရုန်းအစင်းရေဆယ်နှင့်ချီပြီး ပစ်လွှတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေါန အရှေ့ခြမ်း (၃၂) ဗျူဟာစစ်ရေးနယ်မြေသတင်းအရင်းအမြစ်အရ သိရသည်။