Home သတင်း KECD ကျောင်းဆရာ၊ ဆရာမများ ထောက်ပံ့ကြေး ရရှိမှုနည်း၍ စားဝတ်နေရေးခက်ခဲ

KECD ကျောင်းဆရာ၊ ဆရာမများ ထောက်ပံ့ကြေး ရရှိမှုနည်း၍ စားဝတ်နေရေးခက်ခဲ

531
Photo: KECD

ဒီဇင်ဘာလ ၄ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေများတွင် ဖွင့်လှစ်ထားသည့် ကရင်ပညာရေးနှင့်ယဉ်ကျေးမှု(KECD)ဌာနလက်အောက်ရှိ ကျောင်းဆရာ၊ဆရာမများ ယခု (၂၀၂၅-၂၀၂၆) ပညာသင်နှစ်အတွက် ထောက်ပံ့ကြေး ရရှိမှုလျော့နည်းသွားသဖြင့် စားဝတ်နေရေးခက်ခဲနေကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

ရန်ပုံငွေမလုံလောက်မှုကြောင့် ယခင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်က ဆရာ၊ဆရာမတစ်ဦးလျှင် တစ်နှစ်ကို ထိုင်းဘတ်ငွေ ၁၀,၅၀၀ ဘတ်သာ ပံ့ပိုးပေးနိုင်ခဲ့သည်။ ယခုပညာသင်နှစ်အတွက်မူ ထောက်ပံ့ကြေးရရှိမှု ၅၉ ရာခိုင်နှုန်း သာရှိပြီး ၄၁ ရာခိုင်နှုန်း လိုအပ်နေသေးကြောင်း ကရင်ပညာရေးအဖွဲ့များမှ အောက်တိုဘာ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့နောက် ဆရာ၊ဆရာမ တစ်ဦးလျှင် တစ်နှစ်စာ ထောက်ပံ့ငွေ ၇,၅၀၀ ဘတ်အထိ လျော့နည်းရရှိခြင်းကြောင့် ကုန်ဈေးနှုန်းနှင့်စားဝတ်နေရေးကြား အခက်အခဲရှိနေသည်ဟု ကော့ကရိတ်မြို့နယ်ရှိ KECD ကျောင်းဆရာမ တစ်ဦးက ပြောသည်။

“အရင်နှစ်က ဘတ် ၁သောင်း၅ရာလောက် ရသေးတယ်။ဒီနှစ်ကတော့ ဘတ် ၇ထောင့်၅ရာပဲ ရတော့တယ်။ လစာနည်းသွားတော့ ကုန်ဈေးနှုန်းနဲ့စားဝတ်နေရေးက ဘယ်လိုမှအဆင်မပြေဘူး။ ဒီလိုပဲရုန်းကန်နေရတယ်”ဟု အဆိုပါဆရာမက ဆိုသည်။

အလှူရှင်အကူအညီဖြင့် ရပ်တည်နေရသည့် KECD ကျောင်းများတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျောင်းဆရာ/ဆရာမနှင့် ကျောင်းသား ဦးရေ တိုးများလာသည်။ ထို့အပြင် ယခု ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတကာကူညီထောက်ပံ့မှုများ ဖြတ်တောက်ခံရခြင်းကြောင့် မျှော်မှန်း ပမာဏ ပြည့်မီရေး အခက်အခဲရှိခဲ့ကြောင်း KECD ဌာနတာဝန်ရှိသူများက ပြောဆိုထားသည်။

KECD ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကလည်း “ကျနော်တို့ အားနဲ့ မနိုင်သေးတော့ အခြားသူတွေရဲ့ အကူအညီနဲ့ ရပ်တည်နေရတာပဲလေ။ ဒီနောက်ပိုင်း ကော်သူးလေ နယ်မြေမှာ ဆရာ၊ဆရာမအရေအတွက်ကလည်း တိုးများလာတော့ ရှိတာနဲ့ အားလုံး ရဖို့ စီစဉ်ရတယ်”ဟု ကေအိုင်စီကို ပြောသည်။

လစာရရှိမှုနည်းပါးသော်လည်း အမျိုးသားရေးစိတ်ဓာတ်ဖြင့် စေတနာ၊ဝါသနာရင်း၍ အနစ်နာခံလုပ်ဆောင်နေကြသည့် KECD ကျောင်းဆရာ၊ဆရာမများမှာ ထောက်ပံ့ကြေးငွေဖြင့် လောက်ငှအောင် ရပ်တည်နေကြရသော်လည်း ကုန်ဈေးနှုန်းမြင့်မားပြီး ထောက်ပံ့ကြေးထပ်မံလျော့သွားသည့် အခြေအနေတွင် စားဝတ်နေရေးအတွက် ပိုမိုရုန်းကန်နေကြရသည်ဟု မိတ်ဖက် ကရင်အဖွဲ့များက ဆိုသည်။

အောက်တိုဘာ(၂၀)ရက်နေ့က KECD ထုတ်ပြန်သည့်စာရင်းအရ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ကော်သူးလေနယ်မြေအတွင်း စာသင်ကျောင်းပေါင်း (၁,၇၃၈) ကျောင်းဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား (၁၄,၉၇၂၈) ဦး ပညာသင်ယူလျက်ရှိသည်။ ထို့အပြင် ကျောင်းဆရာ၊ဆရာမ (၁၁,၉၃၉)ဦးမှ ပညာသင်ကြားပေးလျက်ရှိသည်ဟု သိရသည်။