Home သတင်း တစ်လအတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်ထား ပစ်ခတ်မှု (၁၄)ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ-သထုံခရိုင် ဖော်ပြ

တစ်လအတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်ထား ပစ်ခတ်မှု (၁၄)ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ-သထုံခရိုင် ဖော်ပြ

630
Photo: KNU

ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ တစ်လအတွင်း စစ်အုပ်စုက အရပ်သားပြည်သူကိုပစ်မှတ်ထားသည့် လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှု ( ၁၄) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ခရိုင်လချုပ်မှတ်တမ်းက ဖော်ပြသည်။

ဒေသခံပြည်သူများနေထိုင်ရာ ရွာဧရိယာနှင့်တောင်ယာ၊ ဥယျာဥ်ခြံမြေများတွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှု (၄) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၁၀) ကြိမ် လုပ်ဆောင်ခဲ့သောကြောင့် ဒေသခံပြည်သူ (၂) ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၇)ရက်နေ့က သထုံမြို့နယ်၊ ရေဝေကျေးရွာသို့ လေယာဥ်ဗုံးကြဲခဲ့သည့်ဖြစ်စဥ်၌ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။ ထို့အတူ နောင်ကထုတ် အထက်ရွာနေ ဒေသခံ အမျိုးသားတစ်ဦးလည်း ထိခိုက်သွားကြောင်း ကေအဲန်ယူ-သထုံခရိုင်၏ နိုဝင်ဘာလချုပ်အစီရင်ခံစာမှ ဖော်ပြသည်။

ပစ်ခတ်မှုအကြိမ်တိုင်း ပြည်သူထိခိုက်သေဆုံးမှုအပြင် နေအိမ်များ၊ ဒေသခံအသက်မွေးဝမ်းကြောင်းပြုသည့် စိုက်ပျိုးသီးနှံများလည်း ပျက်စီးဆုံးရှုံးရကြောင်း ကေအဲန်ယူ က ဆိုသည်။

တဖက်တွင်လည်း နိုဝင်ဘာ (၃)ရက်မှ (၂၅)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ တိုက်ပွဲပေါင်း(၁၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၄) ဦးသေဆုံး၊ (၁၂) ဦးဒဏ်ရာရရှိသွားသည်ဟု သထုံခရိုင်၏မှတ်တမ်းမှ သိရသည်။

ပြောက်ကျားစနစ်သုံး၊ တိုက်ဗုံးနှင့် မိုင်းဆွဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တော်လှန်ရေး ပူးပေါင်းတပ်မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖြစ်ပြီး မဟာမိတ်တပ်များ ထိခိုက်ဒဏ်ရာရမှုမရှိဟု ကေအဲန်ယူက ဆိုသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN က နောက်ဆုံးထုတ်ပြန်ထားသည့် အစီရင်ခံစာအရ အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ စစ်အုပ်စုကြောင့် ကေအဲန်ယူထိန်းချုပ်သည့် ကော်သူးလေနယ်မြေရှိ ပြည်သူပိုင်အဆောက်အဦး ၂၀၀ ကျော်ပျက်ဆီးဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။