Home သတင်း အရပ်သားပြည်သူများကို အကာအကွယ်ပေးဖို့ နိုင်ငံတကာသို့ KNU တောင်းဆို

အရပ်သားပြည်သူများကို အကာအကွယ်ပေးဖို့ နိုင်ငံတကာသို့ KNU တောင်းဆို

511
Photo Credit: Wai Hun Aung

ဒီဇင်ဘာ (၁၄) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုက အရပ်သားပြည်သူအပေါ်ပစ်မှတ်ထား ရာဇဝတ်မှုကျူးလွန်နေခြင်းမှ ထိရောက်သောအကာအကွယ်များ အရေးပေါ်လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယမန်နေ့(ဒီဇင်ဘာ ၁၃)ရက်ဖြင့် ထုတ်ပြန်တောင်းဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀)ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို စစ်အုပ်စုက ပေါင်(၅၀၀)ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံတွင်ရှိနေသည့် အရပ်သားပြည်သူ (၃၀)ကျော်သေဆုံးပြီး (၆၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ်အပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ကေအဲန်ယူက တောင်းဆိုထားခြင်းဖြစ်သည်။

တစ်ရက်တည်းတွင် ကေအဲန်ယူနယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် စစ်အုပ်စုက ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာ(၈)ရက်နေ့ကလည်း ဆေးပေးခန်း၊ ဘုန်းကြီးကျောင်း၊ နေအိမ်နေရာများတွင် အလားတူပစ်ခတ်ခဲ့ပြီး ပြည်သူ (၅)ဦးသေဆုံး၍ (၁)ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏လုပ်ရပ်များကို ဟန့်တားရန်၊ ကျူးလွန်ခဲ့သောရာဇဝတ်မှုများကို အရေးယူရန်၊ နစ်နာသူများအတွက် တရားမျှတမှုဖော်ဆောင်ပေးရန်နှင့် ထပ်မံကျူးလွန်ခံရမည့်အရေးမှ ထိထိရောက်ရောက် အကာအကွယ်ပေးရန် ကေအဲန်ယူက တောင်းဆိုတိုက်တွန်းသည်။

Photo Credit: Wai Hun Aung

စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦး၊ နေရာများကို တိုက်ခိုက်ခြင်းက အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်ရာရောက်သလို နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကေအဲန်ယူ ခရိုင်ခုနှစ်ခုလုံးပါဝင်သည့် ကော်သူးလေနယ်မြေတွင် စစ်အုပ်စုက နေအိမ်၊ ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စသည့် အများပြည်သူနေရာများကို ဦးတည်အရှိန်မြှင့်တိုက်ခိုက်နေခြင်းမှာ လူထုအကြောက်တရားနှင့် တော်လှန်ရေးအင်အားစုများ စိတ်ဓာတ်ကျဆင်းရေးကို လိုလား၍ဖြစ်သည်ဟု KPSN က ယခုလအတွင်း ထွက်ရှိထားသည့် အစီရင်ခံစာ၌ သုံးသပ်ပြဖူးသည်။

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၄၊ စက်တင်ဘာမှ ၂၀၂၅၊ စက်တင်ဘာအထိ စစ်အုပ်စုက ကော်သူးလေရှိ အများပြည်သူအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှု ၁၀၈ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်းလည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ အဆိုပါအစီရင်ခံစာအရ သိရသည်။