ဒီဇင်ဘာ၁၂ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ နှင့် ကပ်လျက်ရှိသည့် ညင်းမော်ကျေးရွာအနီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်အုပ်စုတပ်တို့ တိုက်ပွဲများ ထပ်ဖြစ်ပွားနေ၍ ဒေသခံများ ဘေးလွှတ်ရာသို့ ထပ်မံ ရှောင်တိမ်းနေရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။
လောင်းလုံးမြို့ အောက်ဘက်သို့ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဘက် တိုက်ပွဲများ ပြန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။
“အခုဖြစ်တာက ရွာတွေနဲ့နီးတော့ နောက်ထက်တစ်ကြိမ်ပြန်ပြီး ရှောင်ရတယ်။ ဂျက်ဖိုက်တာတွေနဲ့လည်း လာတာမျိုးတွေရှိတော့။ လောင်းလုံး ညင်းမော်ဘက်နဲ့လည်း နီးတယ်”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်အုပ်စုတပ်မှ ညင်းမော်ကျေးရွာအနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ စစ်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ထပ်မံပြောဆိုသည်။
ထို့အပြင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အနီးတွင်တပ်စွဲထားသည့် စစ်တပ်က ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် လောင်းလုံးမြို့နယ်ဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
စစ်အုပ်စုစစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်တွင် ညင်းမော်ကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကို မီးရိူ့ဖျက်ဆီးခြင်းများ လုပ်ဆောက်သွားသည်ဟု သိရသည်။


















