ဒီဇင်ဘာ ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာသည့် မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်နိုင်ရန် စစ်တပ်ကို နိုင်ငံတကာအစိုးရများက ထိရောက်သည့် အရေးယူ ပိတ်ဆို့မှုများ ပိုမိုလုပ်ဆောင်ပေးရန် နယ်စပ် အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။
မြန်မာစစ်တပ်အနေဖြင့် မူဝါဒများ၊ ဥပဒေများ၊ အမိန့်ညွန်ကြားချက်များကို ထုတ်ပြန်ပြီး လူ့အခွင့်အရေး ချိုး ဖောက်မှုများကို စနစ်တကျ ကျူးလွန်နေမှုအပေါ် ဝိုင်းဝန်းရပ်တန့်ကြရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာပြုလုပ်သည့် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ယခုလို တောင်းဆို လိုက်ကြခြင်းဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်နိုင်ရေး နိုင်ငံတကာ အကူအညီ ပိုမို လိုအပ်တာနှင့် ပတ်သက်ပြီး New Myanmar Foundation၏ လူ့အခွင့်အရေးဆိုင်ရာ ပရိုဂရမ် မန်နေဂျာ နော်စေးလေဖောက ယခုလို ပြောသည်။
“ဒီလူ့အခွင့်အရေးကို ခံစားနေရတာ အခုမှ မဟုတ်ဘူး။ ၂၀၂၁ အာဏာမသိမ်းခင်ကတည်းကလည်း ခံစားနေခဲ့ ရတယ်။ သို့ပေမဲ့ ဒီ ၂၀၂၁ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှ ပိုပြီးတော့မှ သိသိ သာသာ ထင်ထင်ရှားရှား နဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ခံစားလာခဲ့ရတယ်။ သို့ပေမဲ့ ကျမတို့မှာ အကူအညီဟာအင်မတန်ကင်းမဲ့ပါတယ်။UN လိုအဖွဲ့အစည်းအနေနဲ့ စစ်တပ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အဖွဲ့အစည်းတွေ လူတွေအပေါ်မှာ ပိုးပြီး တော့မှ ပြစ်ဒဏ်ပေးတဲ့ Sanction တွေပိုမိုချမှတ်ပေးစေချင်ပါတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
ဒါ့အပြင် လူ့အခွင့် အရေးချိုးဖောက်မှုများကို ဒီကနေ့ အချိန်ထိ ထိခိုက်ခံစားနေရသည့် မြန်မာ ပြည်သူများကို လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုပေးအပ်ရန်လည်း လိုအပ်နေကြောင်းလည်း နော်စေးလေဖောက ဆက်ပြောသည်။
New Myanmar Foundation က ဦးဆောင်ပြုလုပ်သည့် အခမ်းအနားသို့ မဲဆောက်အခြေစိုက် လူ့အခွင့်အရေး အကူအညီပေးရေး အဖွဲ့အစည်းတာဝန်ရှိသူများ၊ ကျန်းမာရေး၊ပညာရေး၊ အမျိုးသမီး နှင့် ကလေး သူငယ်အခွင့်အရေး လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူစုစုပေါင်း ၂၀၀ နီးပါး ပါဝင်တက်ရောက်ခဲ့ကြသည်။

ထို့အပြင် အခမ်းအနားတွင် မြန်မာပြည်တွင်း၌ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်ခံရသူများ၏ အတွေ့ အကြုံများ ကို ဝိုင်းဖွဲ့ဆွေးနွေးမျှဝေခဲ့ကြသလို လူ့အခွင့်အရေး ချိုးဖောက်မှုများ လျှော့ကျ ပပျောက်နိုင်မဲ့ နည်းလမ်းများကို လည်း စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မြန်မာပြည်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုများတွင် စစ်တပ်တစ်ဖွဲ့တည်းက ကျူးလွန်တာမျိုးမဟုတ်သလို အခြားသော အတိုက်အခံ အဖွဲ့အစည်းများ၏ ကျူးလွန်နေမှုများလည်းရှိနေပြီး ၎င်းကိုလည်း မှတ်တမ်းတင် အရေးယူမှုများ ပြုလုပ်ရမည်ဟု ကျောက်ဆည်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌဟောင်း မင်းခန့်က ယခုလို ပြောသည်။
“တော်လှန်ရေးဘက်တော်သားတွေဖြစ်တဲ့ NUG အစိုးရ နဲ့တခြား တိုင်းရင်းသားမျိုးနွယ်စုမှာလည်း ဒီလူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိနေတာကို အဲ့ဒေသက အခံစားရတဲ့ ပြည်သူတွေက ပြောဆိုတာ တိုင်ကြားတာတွေကို ကျနော်တို့က တကယ်ကိုမှတ်တမ်းတင်ထားရမှာဖြစ်သလို ဒီကာလမှာလည်း တကယ်ကို အရေးယူနိုင်ဖို့ ကြိုးစား ရမှာဖြစ်တယ်။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံတော်သစ်မှာက ဒီလိုဟာမျိုးတွေကို ကျနော်တို့ထပ်ပြီး မမြင်စေချင် တော့ဘူး။ ကျနော်တို့ ဒါကိုလည်း လက်ခံမှာမဟုတ်ဘူး။” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
စစ်တပ်အနေဖြင့် စစ်မှုထမ်း ဥပဒေဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းတာ၊ အရပ်ဖက် စစ်ဖက် မခွဲခြားသည့် လေကြောင်း ပစ်ခတ်မှုများ ရွာလုံးကျွတ်မီးရှို့မှုများ၊ ပြည်သူပိုင်ပစ္စည်းများခိုးယူခြင်းများ၊ လူသားဒိုင်း ပြုလုပ်ခြင်းများ၊ ဝေဖန်ဆန့်ကျင်သူများအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်းများ၊ ရွေးကောက်ပွဲ ဆန့်ကျင်သူများအပေါ် ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ခြင်းများဖြင့် လူ့အခွင့်အရေးချိုးဖောက်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူ များက ထောက်ပြရှုတ်ချထားသည်။
၁၉၄၈ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်မှာ ပြုလုပ်ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ကန့်ကွက်သူမရှိအတည်ပြု ပြဌာန်းနိုင်ခဲ့ပြီး ထိုနေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ်သတ်မှတ်ကာ ယနေ့အချိန်ထိ နှစ်စဉ် ပြုလုပ်လာခဲ့ကြသည်။


















