Home သတင်း ရွှေကုက္ကိုလ် တရုတ်ဆိုက်တွင် အဆောက်အဦးများ ဖြိုချနေဟု ပြည်သူများကို အသိပေး

ရွှေကုက္ကိုလ် တရုတ်ဆိုက်တွင် အဆောက်အဦးများ ဖြိုချနေဟု ပြည်သူများကို အသိပေး

397
Photo: The Reporters

ဒီဇင်ဘာ ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်နယ်မြေ၊ ရွှေကုက္ကိုလ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများရှိရာ တရုတ်ဆိုဒ် အတွင်းရှိ အဆောက်အဦးများကို ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မိုင်းခွဲဖြိုချနေပြီး ပြည်သူများ ထိတ်လန့်မှုမရှိရန် အသိပေးနေသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ အဆောက်အဦးများကို စစ်တပ်နှင့် နယ်ခြားစောင့်တပ် တို့က မိုင်းခွဲဖျက်ဆီးနေခြင်း ဖြစ်ပြီး မိုင်းမခွဲခင် ပြည်သူများ ထိတ်လန့်မှုမရှိစေရန် အသံချဲ့ စက်ဖြင့် ကြိုတင် အသိပေးခြင်း ဖြစ်သည်ဟု မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“ တိုက်တွေဖောက်ခွဲမယ် မကြောက်ဖို့ ကြိုအသိပေး အကြောင်းကြားတာ ရှိတယ်။ အခု ဖြိုတဲ့ဟာတွေက လောင်းကစားရုံတွေကို အဓိက ဦးစားပေး ဖြိုတယ်။ နောက်အဆောက်အဦးတွေ ထပ်ဖြိုဖို့ ရှိသေးတယ်လို့ ပြောတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အဆောက်အဦးများ ဖျက်ဆီးမှုပြုလုပ်ခြင်းသည် သက်သေများ ဖျက်ဆီးရန်အတွက် ဖြစ်သည်ဟု ဝေဖန်မှုများလည်း ပေါ်ထွက်နေသလို မြဝတီတောင်ဘက် KK park အတွင်းရှိ အဆောက်အဦး ပေါင်း ၆၃၅ လုံးထဲမှ ၂၇၀ လုံးကိုလည်း ဖျက်ဆီးခဲ့သည်ဟု အာဏာသိမ်းစစ်အုပ်က သတင်းထုတ်ပြန် ထားသည်။

ရွှေကုက္ကိုလ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ရက်နေ့မှစတင်ပြီး တရားမဝင်ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေး လုပ်ဆောင် နေပြီး စစ်တပ်နှင့် BGF က ဝင်ရောက်စစ်ဆေးမှုပြုလုပ်နေသည်ဟု သိရသည်။ ထိုနောက် အဆောက်အဦး ၁၃၅ လုံးကို ချိတ်ပိတ်ထားသလို အဆောက်အဦးအတွင်းရှိ ကွန်ပြူတာ၊ မိုဘိုင်းဖုန်း၊ စတားလင့် အင်တာနက် စက်များကိုလည်း စစ်တပ်က ဖျက်ဆီးနေသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Photo: The Reporters