Home သတင်း ရွှေကုက္ကိုလ်ကျားဖြန့်လုပ်သားများ မြဝတီမြို့ဘက်သို့ ညတွင်းချင်း ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့

ရွှေကုက္ကိုလ်ကျားဖြန့်လုပ်သားများ မြဝတီမြို့ဘက်သို့ ညတွင်းချင်း ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့

263
Photo: CJ

ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်နယ်မြေ၊ ရွှေကုက္ကိုလ်မြို့ရှိ ကျားဖြန့်(ငွေလိမ်လုပ်ငန်း) လုပ်သား များသည် မြဝတီမြို့ဘက်သို့ ညတွင်းချင်း ပြောင်းရွှေ့မှုများ ပြုလုပ်နေကြကြောင်း မျက်မြင်တွေ့ရှိသူ သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ ကျားဖြန့်ဝန်းမှ ထွက်ပြေးတိမ်းရှောင်လာသူများသည် ယမန်နေ့ ( ဒီဇင်ဘာလ ၄ ရက်) နေ့ညပိုင်းမှ စတင်ပြီး ကားကြီး၊ ကားငယ်ဖြင့် မြဝတီမြို့ထဲသို့ ဝင်ရောက်လာကာ လူများစွာဖြင့် ပြောင်းရွှေ့နေခြင်းဖြစ်ပြီး တရုတ်လူမျိုးဖြစ်ဟန်ရှိသူ အများစုကို တွေ့မြင်ရသည်ဟု မြဝတီ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ ၆၆၉ ဂိတ် နဲ့ UK ဂိတ် ကျားဖြန့် လုပ်ငန်းလုပ်ကိုင်သူတွေ အခုညမှ ထွက်လာပြီး မြဝတီ မြို့ထဲဝင်လာတာ။ မြို့ထဲ ဝင်ပြီး ဘယ်ကိုပို့လဲတော့ အတိအကျတော့ မသိဘူး။ ကားကြီးထွက်လာတဲ့ လူတွေလည်း အများကြီးပဲ။ ည ၁၁ နာရီထိလည်း ရွှေ့နေတုန်းပဲ။ BGF နဲ့ စစ်တပ်က တို့ပဲ ခေါ်ထုတ်လာတာ ဖြစ်မယ်။ သူတို့ပဲ ရှိတာ။ စစ်ကားနဲ့ဆို သိသာမှာ စိုးလို့ ထင်တယ် ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လတ်တလော မြဝတီမြို့ နေရာတော်တော်များများ၌ ကျားဖြန့်လုပ်ငန်းမှ တရုတ်လူမျိုးများ အပါအဝင် လူစိမ်းများလည်း ပေါ်ပေါ်ထင်ထင် သွားလာ လှုပ်ရှားမှု ပိုတွေ့မြင်ရသည်ဟု ၎င်းက ဆက်ပြောသည်။

“ အခုက မလွယ်တော့ဘူး။ ပြည်တွင်းဘက်လည်း တူတူပဲ။ မြဝတီ မြို့ထဲလည်း တရုတ်တွေ တော်တော်ထွက်လာတယ်” ဟု ဆိုသည်။

Photo: CJ

လက်ရှိတွင် မြဝတီမြို့အပြင် ဖားအံမြို့ ပေါ် ရပ်ကွက်များရှိ အဆောင်များ၊ ဟိုတယ်များ၊ အိမ်ငှားများတွင် နိုင်ငံခြားသားများ အထူးသဖြင့် တရုတ်လူမျိုးများနှင့် မြန်မာစကားပင် မပြောတတ်သော်လည်း မြန်မာ မှတ်ပုံတင်ကိုင်ဆောင်ထားသူများဖြင့် ပြည့်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၁၇) ရက်နေ့တွင်လည်း မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့တွင် BGFမှ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို အပြီးတိုင်နှိမ်နင်းမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ကျား ဖြန့်လုပ်ငန်းလုပ်ကိုင်သူများ ညတွင်းချင်း ပြောင်းရွှေ့လုပ်ဆောင်မှုများ ဖြစ်ပွားခဲ့သေးသည်။

ကရင်ပြည်နယ်ရှိ ကျားဖြန့်များကို နှိမ်နင်းရန် အမေရိကန်မှ အထူးတပ်ဖွဲ့ဖွဲ့စည်းပြီး တိုက်ဖျက်သွားမည်ဟု ကြေညာပြီးနောက် ရုန်းရင်းဆန်ခတ် ဖြစ်လာကြောင်း သိရသည်။

ရွှေကုက္ကိုလ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ရက်နေ့မှစတင်ပြီး တရားမဝင်ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေး လုပ်ဆောင်နေပြီး စစ်အုပ်စုတပ်နှင့် BGF က ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ထို့နောက် အဆောက်အဦး ၁၃၅ လုံးကို ချိတ်ပိတ်ထားသလို အဆောက်အဦးအတွင်းရှိ ကွန်ပြူတာ၊ မိုဘိုင်းဖုန်း၊ စတားလင့်ခ် အင်တာနက် စက်များကိုလည်း ဖျက်ဆီးနေသည်ဟု စစ်အုပ်စုက သတင်းထုတ်ပြန် ထားသည်။

ယခုလ ဒီဇင်ဘာ ၃ ရက်နေ့တွင်လည်း စစ်အုပ်စုတပ်နှင့် နယ်ခြားစောင့်တပ် တို့က ကျားဖြန့်လုပ်ငန်းများရှိရာ တရုတ်ဆိုဒ်အတွင်းရှိ အဆောက်အဦးများကို မိုင်းခွဲဖြိုချခဲ့ပြီး KK park အတွင်းရှိ အဆောက်အဦး ပေါင်း ၆၃၅ လုံးထဲမှ ၂၇၀ လုံးကိုလည်း ဖျက်ဆီးခဲ့သည်ဟု အာဏာသိမ်းစစ်အုပ်စုက သတင်းထုတ်ပြန် ထားသည်။