ဒီဇင်ဘာ (၁၁)ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည့်သူ့ဆေးရုံကြီးသို့ ယမန်နေ့ (ဒီဇင်ဘာ ၁၀)ရက်နေ့ ညပိုင်းက စစ်အုပ်စုလေတပ်မှ ပေါင်(၅၀၀)ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ(၃၁)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ကျော် ရှိလာကြောင်း ရခိုင်ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ယမန်နေ့ ည(၉)နာရီဝန်းကျင်တွင် ဆေးရုံကြီးနယ်မြေတည့်တည့်သို့ စစ်အုပ်စုလေတပ်က ဗုံးကြဲချသွားခြင်းဖြစ်ပြီး ဆေးကုသမှုတက်ရောက်ခံယူနေသည့် အရပ်သားလူနာ(၁၀)ဦး နေရာတွင်ပွဲချင်းပြီး သေဆုံး၍ (၂၀) ထက်မနည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဟု အာရက္ခကျန်းမာရေးဌာနနှင့် ရခိုင်သတင်းအရင်းအမြစ်များက ကနဦးဖော်ပြခဲ့သည်။
ထို့နောက် ယနေ့မနက်ပိုင်း ထပ်မံရရှိလာသည့်အချက်အလက်များအရ သေဆုံးသူ (၃၁)ဦးနှင့် ဒဏ်ရာရသူ (၆၀)ကျော်ရှိလာပြီး ၎င်းတို့ကို ကျန်းမာရေးဝန်ထမ်းများက ကုသမှုပေးထားရသည်။ ထိခိုက်ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူဆက်လက်မြင့်တက်နိုင်သည်ဟုလည်း ရခိုင်ပြည်တွင်းသတင်းအရင်းအမြစ်တချို့က ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အဦးများ ထိခိုက်ပျက်စီးမှုများပြားသလို သေဆုံးသူများတွင် အမျိုးသမီးများလည်း ပါဝင်ကြောင်း ယုံကြည်စိတ်ချရသည့် ဒေသအခြေစိုက်ရခိုင်မီဒီယာများမှ လူမှုကွန်ရက်တွင်ဖော်ပြချက်အရ သိရသည်။
စစ်တပ်ထောက်ခံသည့်မီဒီယာအချို့တွင်မူ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များ ရှိနေသည့်နေရာဖြစ်သဖြင့် ဗုံးကြဲတိုက်ခိုက်ရကြောင်း ဖြန့်ဝေနေသော်လည်း မြောက်ဦးဒေသခံများက အရပ်သားပြည်သူများ ဆေးကုသမှုခံယူနေသည့်နေရာဟု အခိုင်အမာဆိုသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားသည့် ယမန်နေ့ (ဒီဇင်ဘာလ (၁၀) ရက်နေ့) တွင် စစ်အုပ်စုမှရခိုင်ပြည်၌ လူအစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံကျူးလွန်လိုက်ခြင်း ဖြစ်ကြောင်းလည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။


















