Home သတင်း မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု သက်သေစုဆောင်းပြီး နိုင်ငံတကာကိုပို့မည်ဟု NUG ကြေညာ

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု သက်သေစုဆောင်းပြီး နိုင်ငံတကာကိုပို့မည်ဟု NUG ကြေညာ

737
Photo: CJ

ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်သဖြင့် လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့်အပေါ် သက်သေစုဆောင်းနေပြီး တရားမျှတမှုရရှိဖို့ နိုင်ငံတကာကို ပေးပို့သွားမည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာ ၁၂)ရက်နေ့တွင် ကြေညာသည်။

အရပ်သားပြည်သူများ ဆေးကုသမှုခံယူနေသည့် ဆေးရုံနယ်မြေသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့က စစ်အုပ်စုမှ ပေါင်(၅၀၀)ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ (၃၅)ဦးသေဆုံးကာ၊ (၇၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUGအပါအဝင် ရခိုင်ဒေသသတင်းအရင်းအမြစ်တို့မှ ဖော်ပြသည်။

၃ လသားကလေးငယ်အပါအဝင် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့သည့်အပေါ် တရားမျှတမှုရရှိနိုင်ရေး မှ အသေးစိတ်အချက်အလက်များကို NUGမှ ကောက်ယူနေသည်ဟု ဆိုသည်။

ရလာသော သက်သေများကို နိုင်ငံတကာသို့ပေးပို့သွားမည်ဖြစ်သလို ပြည်သူများအနေဖြင့်လည်း ထိခိုက်နစ်နာသူများ၏အချက်အလက်နှင့် စစ်လက်နက်အကြွင်းအကျန်များကို မှတ်တမ်းတင်၍ NUG လူ့အခွင့်အရေးဝန်ကြီးဌာနထံ ပို့နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

ဗုံးကြဲခံရမှုတွင် ဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများအပါအဝင် အရေးပါသည့်ဆေးကုသဆောင်များ စသည်ဖြင့် ဆေးရုံတစ်ရုံနီးပါး ပျက်စီးသွားခြင်းဖြစ်သည်။ ထို့အပြင် ယမန်နေ့ညပိုင်းအထိ မှတ်တမ်းကောက်ယူမှုတွင် မပါဝင်ဘဲ ပျောက်ဆုံးနေသူများရှိနေသေးသည်ဟုလည်း မျက်မြင်တွေ့ခဲ့သူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။

Photo: CJ

“သေတဲ့အထဲမှာ မွတ်ဆလင် ၄ ယောက်ပါပြီး‌ နောက်ထပ် ဒဏ်ရာရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်း ၁၀ ယောက်ထက်တော့ မနည်းဘူး။ လောလောဆယ်တော့ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်က အရပ်ဘက်လူမှုကူညီရေးအသင်းတွေက အကူအညီပေးနေတယ်” ဟု ကေအိုင်စီကို ပြောသည်။

(၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် စစ်အုပ်စုက လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ထပ်မံကျူးလွန်လိုက်သည့်အပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းမှလည်း ရှုတ်ချပြောဆိုနေကြပြီး နိုင်ငံတကာက ထိရောက်စွာအရေးယူသင့်ကြောင်း တောင်းဆိုထားသည်။

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု NUG က ဆိုသည်။

NUG ကမှတ်တမ်းတင်ထားသည့်အချက်အလက်များအရ စစ်အုပ်စုအာဏာသိမ်းထားသည့်ကာလတွင် လူငါးဦးထက်ပို၍ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ် ၄၀၀ ရာကျော်ရှိခဲ့သည်။ ထိုအထဲတွင် သေဆုံးသူ ကလေးငယ် ၁,၀၀၀ ထောင်ကျော်၊ အမျိုးသမီး ၇၀၀ ထက်မနည်းအပါအဝင် စုစုပေါင်း လူဦးရေ ၅,၀၀၀ နီးပါး ရှိသည်။