Home သတင်း မြဝတီရှိ BGF တပ်ဖွဲ့ပိုင် ငွေလိမ်လုပ်ငန်းနေရာများ စစ်အုပ်စုတပ်ဝင်စီးမည့် သတင်းကြောင့် ငွေလိမ်လုပ်သားများ ရှောင်ပြေးနေ

မြဝတီရှိ BGF တပ်ဖွဲ့ပိုင် ငွေလိမ်လုပ်ငန်းနေရာများ စစ်အုပ်စုတပ်ဝင်စီးမည့် သတင်းကြောင့် ငွေလိမ်လုပ်သားများ ရှောင်ပြေးနေ

367
Photo: The Reporters

ဒီဇင်ဘာ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၃) ရပ်ကွက် ကြံခင်းလမ်းမနေရာရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ပိုင် ကျားဖြန့်တရုတ် ငွေလိမ်လုပ်ငန်း ခြံဝင်းများကို စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးမည့် သတင်း ကြောင့် မြန်မာငွေလိမ်လုပ်သားများသည် ဒီဇင်ဘာ ၄ ရက် ညနေပိုင်းမှစပြီး တစ်ညလုံး ရှောင်ပြေးထွက်ခွာနေကြကြောင်း သိရသည်။

အဆိုပါ အမှတ် (၃) ကြံခင်းရပ်ကွက် သောင်ရင်းမြစ်ဘေးနေရာရှိ စစ်မှုထမ်းဟောင်းရပ်ကွက်နှင့် ကြံခင်း လမ်းမကြီးဘေး နေရာရှိ BGF တပ်ဖွဲ့ပိုင် ခြံဝင်းထဲက Shin House Gate (ရှင်းဟောက်) ကျားဖြန့် ဂိတ်ဝင်းကို စစ်အုပ်စုက ဒီဇင်ဘာ ၄ ရက် ညနေ ၅ နာရီအချိန်က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ Shin House Gate (ရှင်းဟောက်) ကျားဖြန့် ဂိတ် မိုင်းဖောက်ခွဲ ဖျက်ဆီးမှုအခြေအနေကြောင့် အနီးဝန်းကျင်က ကျားဖြန့် ငွေလိမ်လုပ်ငန်းရုံရှိ မြန်မာအလုပ်သမားများသည် မြဝတီမြို့ထဲကို ရှောင်ပြေး ထွက်ခွာနေကြကြောင်း မျက်မြင်သိရှိသူ ကြံခင်းရပ်ကွက်သားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ညက တစ်ညလုံးပဲ ကျားဖြန့်ရုံက မြန်မာတွေ မနေရဲကြတော့ဘူး။ ညနေပိုင်းက ကြံခင်း လမ်းမတန်း မယ်ထော်သလေးရွာအထွက်နားက ရှင်းဟောက် တရုတ်ဆိုဒ်ကို စစ်တပ်က ဖြိုချတယ်။ မိုင်းခွဲပြီးတော့ ဖျက်ချတော့ ဘေးရုံတွေက ၆၆၉ ဂိတ်တို့ ၁ ဂိတ်တို့ UK ဗိုလ်တင်ဝင်းဂိတ်တို့ရဲ့ လူတွေ မနေရဲကြတော့ဘူး။ အကုန်ရှောင်ကုန်တာ၊ မြဝတီမြို့ထဲကို ဆိုင်တွေ၊ ကားလမ်းပလက်ဖောင်းတွေမှာ လူတွေ စုနေနေကြတာ” ဟု ပြောသည်။

လက်ရှိ ဒီဇင်ဘာ ၄ ရက် ၅ ရက်နေ့တွင် စစ်အုပ်စုက မြဝတီမြို့ ပေါ်ရပ်ကွက်များရှိ တရုတ် ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို စစ်ဆေးဖမ်းဆီးမှုများ စတင်လုပ်ဆောင်သော်လည်း တရုတ်ငွေလိမ်လုပ်သူ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များကိုမူ ဖမ်းမိခြင်းမျိုး မတွေ့ရသေးပေ။

ယခု ဒီဇင်ဘာ ၁ ရက်မှစပြီး မြဝတီမြို့ ရွှေကုက္ကိုလ်ဒေသ ငွေလိမ်လုပ်ငန်း တရုတ်နိုင်ငံသား တစ် ထောင်ကျော်ကို BGF တပ်နှင့် စစ်အုပ်စုက ဒီဇင်ဘာ ၄ ရက်နေ့အထိ ထိုင်းအာဏာပိုင်များက တဆင့် တရုတ်နိုင်ငံဘက်သို့ ပြန်လွှဲပြောင်းပေးပို့ခဲ့ကြောင်း မြန်မာအာဏာပိုင်နှင့် နီးစပ်သူများက ပြောသည်။

Photo: Social Media

၎င်းအပြင် ရွှေကုက္ကိုလ်က ငွေလိမ်လုပ်ငန်း သုံးကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ငွေလိမ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းများအား ဖျက်ဆီးပြီး ငွေလိမ်အလုပ်တိုက်အဆောင် ၁၆၁ နေရာအား ချိတ်ပိတ်သိမ်းဆည်းမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်အုပ်စုဘက်က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် BGF တပ်နှင့် စစ်အုပ်စုက တရုတ် ငွေလိမ်လုပ်ငန်းများ နှိမ်နှင်းသည့် စစ်ဆင်ရေး လုပ်ဆောင်နေသည်ဟု ပြောသော်လည်း မြေပြင်လက်တွေ့အခြေအနေမှာ တရုတ် ငွေလိမ်လုပ်ငန်းများ နေရာပြောင်းရွှေ့လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တရုတ် ငွေလိမ်လုပ်ငန်းများ နေရာရွှေ့ပြောင်းလုပ်ဆောင်နေသည့် အခြေအနေကို သိရှိသည့် လုံခြုံရေး ၏အရ အမည်မဖော်လိုသူ သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ယခုလို ပြောသည်။

“ကျားဖြန့်တွေက စစ်တပ် ဖမ်းတော့ ရုံခါပြီး အလုပ်ပိတ်လိုက်တယ်။ တရုတ်တွေက နေရာပြောင်းသွားတယ်။ BGF စီစဉ်ပေးထားတဲ့နေရာတွေကို ရွှေ့နေကြပြီး အဲဒီမှာ အလုပ် ဆက်လုပ်နေကြတယ်။ တချို့လည်း စက်ပစ္စည်းတွေက စစ်တပ်ကို အဖမ်းပြလိုက်ရတော့ ကွန်ပျူ တာတွေ ဖုန်းတွေ ပြန်ဝယ်ဖို့ ပစ္စည်းမှာပြီး နေရာအသစ်ရှာပြီးရင် လူသစ် ပြန်ခေါ်မယ်လို့ တရုတ် မန်နေဂျာတွေ ပြောတာမျိုးရှိတယ်” ဟု ၎င်း သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိတွင် မြဝတီ၊ မယ်ထော်သလေး KK Park၊ ရွှေကုက္ကိုလ်၊ ဝမ်ခ ဆိုဒ်များကို စစ်အုပ်စုတပ်က ဖမ်းဆီး နှိမ်နှင်းပြီး ကျန်ရှိနေသေးသည့် မယ်ထော်သလေး AA Park၊ ဧကတစ်ရာ ဆိုဒ်နှင့် မြဝတီမြို့ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ မွေးမြူရေးဇုန် ရပ်ကွက်များရှိ တရုတ် ငွေလိမ်လုပ်ငန်း နေရာများကို ဖမ်းဆီးခြင်းမျိုး မရှိသေးကြောင်း သိရသည်။