Home သတင်း မယ်လစခန်း၊ ဈေးဆိုင်တန်းတွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

မယ်လစခန်း၊ ဈေးဆိုင်တန်းတွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

345
Photo: CJ

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်၊ မယ်လဒုက္ခသည်စခန်းရှိ ဈေးဆိုင်တန်းနေရာတွင် ဒီဇင်ဘာလ (၉) ရက်နေ့က လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း စခန်းတွင်းနေထိုင်သူများထံမှ သိရသည်။

မယ်လစခန်း၊ ဇုန်-B၊ ရပ်ကွက်နေ အသက် (၂၂) နှစ်အရွယ် သေဆုံးသူ စောစေးလားမှာ ထိုနေ့ မနက်အစောပိုင်းက ကုလားစျေးတန်းဟုခေါ်သော ဈေးဆိုင်တန်းနေရာ၌ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ပြီး အသက်ရှိစဥ်က မူးယစ်ဆေးအသုံးများသူဖြစ်ကြောင်း စခန်းတာဝန်ရှိသူအပါအဝင် စောစေးလားနဲ့နီးစပ်သူအချို့က ဆိုသည်။

“ဒီကလေးက ဆေးသုံးများတယ်။ ပြီးတော့ ရန်ငြိုးရန်စတွေလည်း ရှိတယ်လို့ကြားတယ်။ ဆေးသုံးလွန်တာရော၊ လုပ်ကြံခံရတာရော ပြောကြတာ၊ ဘယ်ဟာအမှန်လဲမသိဘူး။ သတ်သေတယ်လို့ပြောဖို့ခက်တာက သူ့ရဲ့ ကိုယ်ဟန်အနေထားအရ ခုံခုစရာမလိုအောင် ခြေထောက်က အောက်မှာခွေနေတယ်။ အနားမှာလည်း ခုံတွေမရှိနေဘူး” ဟု မယ်လစခန်းနေ အမျိုးသားတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ စခန်းတာဝန်ရှိသူများ၊ အမှုစစ်ဆရာဝန်နှင့် ထိုင်းရဲတပ်ဖွဲ့မှ သွား‌ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည့် အချက်အလက်များကို မှတ်တမ်းတင်ခဲ့ကြပြီးဖြစ်ကြောင်းလည်း ဈေးဆိုင်တန်းအတွင်း ရောက်ရှိနေသူများမှ သိရသည်။

မယ်လဒုက္ခသည်စခန်းတွင် ယခုတစ်ကြိမ်အပါအဝင် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း မိမိကိုယ်ကိုယ်သေကြောင်းကြံစည်၊ ကြိုးဆွဲချသေဆုံးသူ (၈) ဦးအထိ ရှိလာပြီး အများစုမှာ စိတ်ဖိစီးမှုနှင့်မူးယစ်ဆေးဝါးကြောင့်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူတို့က ဆိုသည်။

စခန်းနေ အမျိုးသမီးတစ်ဦးကလည်း “လူတွေက ထွက်ပေါက်ပိတ်သလို ဖြစ်နေတယ်လေ။ အလုပ်ထွက်လုပ်ခွင့်ရတော့လည်း လစာကထင်သလောက်မဟုတ်ဘူး။ ပြန်လာဖို့လည်း ခက်တယ်။ ရိက္ခာ ဖြတ်တောက်ထားတော့ တချို့က မိသားစုအတွက်မလောက်ငှတာတွေ ရှိလာတယ်။ ဒီအတွက် စိတ်ဖိစီးမှု အမျိုးမျိုးဖြစ်ပြီး၊ စိတ်လွတ်အောင် မူးယစ်ဆေးဝါးသုံး ထွက်ပေါက်ရှာကြတာ” ဟု ကေအိုင်စီကို ပြောသည်။

အများအားဖြင့် စခန်းအတွင်း နေအိမ်အနီးပတ်ဝန်းကျင်နှင့်ခြံဝန်းအတွင်း မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်ကြသူများပြီး သေဆုံးသူများတွင် အသက်(၂၀)ဝန်းကျင်လူငယ်များမှ အသက်(၆၀)ဝန်းကျင် လူကြီးပိုင်းအသက်အရွယ်အထိ ပါဝင်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း(၉)ခုတွင် အကြီးဆုံးဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၂၀၁၇- ၂၀၁၈ ခုနှစ်တုန်းကလည်း မိမိကိုယ်ကိုယ်သေကြောင်းကြံမှု အဖြစ်များခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက စခန်းတွင်း အသိပညာပေးလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် အသိပညာပေးလုပ်ငန်းစဥ်များ လျော့နည်းသွားသည့် ယခုနှစ်ပိုင်းတွင် အမေရိကန်ဘက်က ရိက္ခာဖြတ်တောက်ခြင်း၊ စခန်းပြင်ပ အလုပ်ထွက်လုပ်ခွင့်ရသော်လည်း လစာနည်းပါးခြင်း၊ မူးယစ်ဆေးအလွယ်တကူ သုံးစွဲရနေခြင်း စသည့်အကြောင်းအရင်းများစွာဖြင့် အဆုံးစီရင်မှုများ တစ်ဖန်ပြန်ဖြစ်လာသည်။