Home သတင်း မယ်လစခန်းတွင် လာမည့်နှစ်မှစ၍ ရေပေးဝေမှု ဖြတ်တောက်ရန်ရှိ

မယ်လစခန်းတွင် လာမည့်နှစ်မှစ၍ ရေပေးဝေမှု ဖြတ်တောက်ရန်ရှိ

509
Photo: KIC

ဒီဇင်ဘာလ (၁၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှ စတင်၍ လစဉ်‌ ‌‌သောက်သုံးရေပေးဝေမှုကို ဖြတ်တောက်ရန် ရှိကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (IRC)ဘက်က စခန်းတွင်းသောက်သုံံးရေရရှိရေး ငွေကြေးပံ့ပိုးမှုမရှိတော့သဖြင့် ကရင်ဒုက္ခသည်များကော်မတီ(KRC)၊ ထာ့ဆောင်ယန်းမြို့နယ် တာဝန်ရှိထိုင်းအာဏာပိုင်များနှင့် စခန်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးသည့် ဒီဇင်ဘာ (၈) ရက်နေ့ကအစည်းအဝေးမှ ဆုံးဖြတ်ချက်ချခဲ့သည်ဟု ဆိုသည်။

“ဒါက IRC ထောက်ပံ့မှုအောက်က တစ်ခုပေါ့‌နော်။ သူတို့မှာ ငွေကြေးပံ့ပို့းမှု မရှိတော့တဲ့အတွက် ဖြတ်‌တောက်ရမှာဖြစ်တယ်။ ဒီလကုန်အထိပဲ ရေပေးဝေဖို့ရှိတော့မယ် ပြီးရင်လုံးဝရပ်လိုက်ရပြီ။ အဲ့ဒါအပြင် ရေရရှိဖို့စီမံခန့်ခွဲပေးတဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်ကရပ်ဆိုင်းပါမယ်” ဟု မယ်လစခန်းဥက္ကဌ စောဆန်းဒေးက ပြောသည်။

ဒုက္ခသည် သောင်းနှင့်ချီနေထိုင်သည့် မယ်လစခန်းတွင် ယခင်ကတည်းက ရေပုံမှန်မရရှိခြင်း၊ နွေရာသီရေရှားပါးခြင်း အခြေအနေများရှိခဲ့ပြီး ရေပေးဝေမှုလုံးဝရပ်ဆိုင်းသွားပါက အခက်အခဲအများအပြား တွေ့ကြုံရမည့်အရေးကို စခန်းနေထိုင်သူများက စိုးရိမ်နေကြသည်။

ထို့ကြောင့် လာမည့် ၂၀၂၆ ခုနှစ်၊ ရေရရှိရေးအတွက် စခန်းတွင်းနေထိုင်သူများထံမှ တစ်ဦးလျှင် တစ်လ ထိုင်းဘတ်ငွေ ၆ ဘတ်ကောက်ခံ၍ ကိုယ်ထူကိုယ်ထပုံစံဖြင့် လည်ပတ်နိုင်ရန် စီစဥ်ထားကြောင်း စောဆန်းဒေးက ဆက်ပြောသည်။

၎င်းက “အခြေအနေကို စခန်းမှာနေထိုင်တဲ့သူတွေကို အသိပေးပြီး တစ်ယောက်ကို တစ်လ ၆ ဘတ် ကောက်မယ်။ ရလာတဲ့ငွေတွေကို စခန်းတစ်ခုလုံး ရေဖြန့်ဝေပေးနိုင်ဖို့ ပြန်သုံးမှာဖြစ်ပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

ငွေကြေးထောက်ပံ့မှုမရှိတော့သဖြင့် မယ်လဒုက္ခသည်စခန်းတစ်ခုလုံး မကြာမီ‌ ရေပေးဝေမှု လုံးဝဖြတ်တောက်ခံရတော့မည့် အခြေအနေအတွက် ဆက်လက်ပံ့ပိုးကူညီနိုင်သော အလှူရှင်အဖွဲ့များရှိလာရေးကိုလည်း စခန်းတာဝန်ရှိသူများနှင့် ရိက္ခာဖြတ်တောက်ခံထားရသည့်ဒုက္ခသည်များက မျှော်လင့်နေကြသည်။

အမေရိကန်က အကူအညီရပ်ဆိုင်းလိုက်ခြင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လအပါအဝင် ဒုက္ခသည်စခန်း(၉)ခုကို ထောက်ပံ့ကူညီပေးနေသည့် The Border Consortium (TBC) ကိုပါ သက်ရောက်ခဲ့ခြင်းကြောင့် ယခုနှစ် ဩဂုတ်လမှ စတင်ပြီး ဒုက္ခသည်များ ရိက္ခာပေးဝေမှု ဖြတ်တောက်ခံခဲ့ရသည်။

မယ်လစခန်းတွင် သောက်သုံးရေရရှိမှုသာမက ကျန်းမာရေးစောင့်ရှောက်မှုနှင့် အမှိုက်သိမ်းစနစ် စသည့် ကဏ္ဍ(၃)ခုကိုပါ IRC ဘက်က ရပ်ဆိုင်းထားသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ ‌မြောက်ဘက် ကီလိုမီတာ ၆ဝ တွင်ရှိသည့် မယ်လစခန်းတွင် ဒုက္ခသည် လေးသောင်းခန့် ခိုလှုံနေပြီး ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် အကြီးဆုံးဒုက္ခသည်စခန်းဖြစ်ကြောင်း သိရသည်။