Home သတင်း မင်းလက်ပံ ငွေလိမ်ခြံဝင်း အခြေအနေကို ကိုင်တွယ်ဖို့ KNU မှ KNLA သို့ အာဏာလွှဲ

မင်းလက်ပံ ငွေလိမ်ခြံဝင်း အခြေအနေကို ကိုင်တွယ်ဖို့ KNU မှ KNLA သို့ အာဏာလွှဲ

300
Photo: KNU

ဒီဇင်ဘာ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက မြဝတီတောင်ပိုင်း မင်းလက်ပံကျေးရွာရှိ Shunda Park မှ ထွက်ခွာရန် ငြင်းဆိုထားသူ ကျားဖြန့်လုပ်သားများနှင့်ထိပ်တိုက်မတွေ့ရေး၊ KNU အဖွဲ့ဝင်များနှင့် နယ်စပ်နေပြည်သူများလုံခြုံရေးအခြေအနေကို ကိုင်တွယ်ရေး၊ KNLA သို့ အာဏာလွှဲလိုက်ကြောင်း ယနေ့ ဒီဇင်ဘာ (၆) ရက်နေ့ဖြင့် ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၂) ရက်နေ့က ကေအဲန်ယူစာရင်းအရ ကျားဖြန့်လုပ်သား ၂ ထောင်ဝန်းကျင်ကို သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပြီးဖြစ်သော်လည်း နေရပ်ပြန်ရန် ငြင်းဆန်သူ ကျားဖြန့်လုပ်သား ၉၀၀ ထက်မနည်းနှင့် သက်သေအချက်အလက် စုဆောင်းသူ KNU မြေပြင်အကဲဖြတ်အဖွဲ့ဝင်အချို့ မှာ ငွေလိမ်ခြံဝန်းအတွင်း ကျန်လျက်ရှိသည်။

KNUအစီအစဥ်ကို လက်မခံဘဲ ကိုယ်ပိုင်အစီအစဥ်ဖြင့် ခြံဝန်းမှထွက်ခွာခွင့်ရရန် တောင်းဆိုနေသည့် ကျားဖြန့်လုပ်သားများမှာ အဆောက်အဦး၊ပစ္စည်းစသည်တို့ကို မီးရှို့ဖိအားပေးခြင်း၊ ဝန်းမှထွက်ပြေးခြင်းတို့ လုပ်ဆောင်နေသည်ဟု ကေအဲန်ယူက ဆိုသည်။

ထို့အပြင် နိုဝင်ဘာလကုန်ပိုင်းကစ၍ စစ်အုပ်စုက မင်းလက်ပံသို့ ထိုးစစ်ဆင်နေသလို လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများ မပြတ်လုပ်ဆောင်လျက်ရှိရာ ယနေ့မနက်ပိုင်းတွင် လက်နက်ကြီး(၂)လုံး Shunda Park သို့ တည့်တည့်ကျရောက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကေအဲန်ယူအနေဖြင့် မိမိတို့ဆန္ဒအတိုင်းကျန်ရစ်နေသည့် ကျားဖြန့်လုပ်သားများနှင့် ထိပ်တိုက်မတွေ့ရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်သူများ၊ ကေအဲန်ယူမြေပြင်အဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံရေးအတွက် ဆက်လက်ကိုင်တွယ်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ထံ အာဏာလွှဲအပ်လိုက်သည်ဟု ဆိုသည်။

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူ အသေးစိတ်ကို ကေအိုင်စီအနေဖြင့် ဆက်သွယ်စုံစမ်းနေဆဲဖြစ်သော်လည်း ထုတ်ပြန်ချက်အရ ကေအဲန်ယူ၏မြေပြင်အကဲဖြတ် အဖွဲ့ဝင်တချို့ ပါဝင်သည်။

မင်းလက်ပံငွေလိမ်ခြံဝန်းကို ကေအဲန်ယူအဖွဲ့ထိန်းချုပ်လိုက်သည့် နောက်ပိုင်း ပိုမိုပြင်းထန်လာသည့်တိုက်ပွဲအခြေအနေတွင် ထိုင်းတစ်ဖက်ကမ်းသို့ လက်နက်ကြီးများ၊ ကျည်စများ ကျရောက်ခြင်းကြောင့် နယ်စပ်နေပြည်သူအချို့ ထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။ နေအိမ်များပျက်စီးသည့်အပြင် ကျည်ကျရောက်သော ရွာတဝိုက်ဒေသခံများ စစ်ရှောင်နေရသည်ဟု မြဝတီဒေသသတင်းအရင်းအမြစ်က ဆိုသည်။

တဖက်တွင်လည်း ငွေလိမ်ခြံဝင်းမှနေရပ်ပြန်လိုသော ကျားဖြန့်လုပ်သားများကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခြင်းအပါအဝင် သက်သေစုဆောင်း၊သိမ်းဆည်းခြင်းတို့ ကေအဲန်ယူမှ လုပ်ဆောင်ပြီးစီးသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ငွေလိမ်ခြံဝင်းအတွင်း ရာဇဝတ်သားအဖြစ် သံသဃရှိသူများကို လုံခြုံစွာဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ကေအဲန်ယူအနေဖြင့် အခက်အခဲရှိသလို အကူအညီတောင်းခံထားသည့် နိုင်ငံတကာထံမှလည်း တုံ့ပြန်မှုနှေးကွေးနေသည်ဟု ထောက်ပြထားသည်။

ကေအဲန်ယူသည် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA အကာအကွယ်အောက်ရှိ ကျားဖြန့်ခြံဝင်းနေရာကို နိုဝင်ဘာ(၂၁)ရက်နေ့က ထုတ်ဖော်ထိန်းသိမ်းလိုက်ခြင်းဖြစ်ပြီး ၂ ပတ်အတွင်း ကျားဖြန့်လုပ်သား ၂,၄၆၀ ဦးကို ထိုင်းမှတဆင့် သက်ဆိုင်ရာနိုင်ငံများထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။