Home သတင်း မင်းလက်ပံ ငွေလိမ်ခြံဝင်းရှိ ကျားဖြန့်လုပ်သားများ ဘေးကင်းလုံခြုံရေး အာမ မခံနိုင်ကြောင်း KNU ထုတ်ပြန်

မင်းလက်ပံ ငွေလိမ်ခြံဝင်းရှိ ကျားဖြန့်လုပ်သားများ ဘေးကင်းလုံခြုံရေး အာမ မခံနိုင်ကြောင်း KNU ထုတ်ပြန်

398
Photo: KNU

ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းနယ်မြေအခြေအနေကြောင့် မင်းလက်ပံ အွန်လိုင်းငွေလိမ်ခြံဝင်း(Shunda Park) အတွင်း ကျန်ရှိနေသည့် ကျားဖြန့်လုပ်သားများ၏ ဘေးကင်းလုံခြုံရေးအတွက် အာမခံနိုင်ရန်ခဲယဥ်းကြောင်း ကေအဲန်ယူက ယမန်နေ့(နိုဝင်ဘာ ၂)ရက်ဖြင့် ထုတ်ပြန်သည်။

ကေအဲန်ယူ၏စာရင်းအရ နိုဝင်ဘာ(၂၃)ရက်နေ့မှ (၃၀)ရက်နေ့အထိ တစ်ပတ်အတွင်း ၎င်းတို့ထိန်းချုပ်လိုက်သော ကျားဖြန့်ငွေလိမ်ခြံဝင်းအတွင်းမှ အလုပ်သမား နိုင်ငံခြားသား ၁,၃၀၇ ဦးကို ထိုင်းအာဏာပိုင်များမှတဆင့် လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၁,၃၃၃ ဦးကိုလည်း ရွှေ့ပြီးကြောင်း သိရသည်။

လက်ရှိ ခြံဝင်းအတွင်းမှမထွက်ရန်ငြင်းဆိုနေသူ ၉၀၀ ကျော်နှင့် နေရပ်ပြန်ရေး စာရင်းပေးစောင့်ဆိုင်းနေသူ (၁၇၇) ဦး ကျန်ရှိနေသည်။ စစ်အုပ်စုက ယင်းဧရိယာတစ်ဝိုက်ကိုဦးတည်ကာ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်နေပြီး နှစ်ဖက်တိုက်ပွဲလည်း ပိုမိုပြင်းထန်လာသဖြင့် ၎င်းတို့လုံခြုံရေးအာမခံပေးရန် ခဲယဥ်းသည်ဟု ကေအဲန်ယူက ဆိုသည်။

အင်ကြင်းမြိုင်ကျေးရွာအထိ တိုးပေါက်ပြီးသည့် စစ်အုပ်စုက မင်းလက်ပံကိုဆက်လက်ဝင်နိုင်ရေး စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေသဖြင့် တောင်ပိုင်းတွင်စစ်ရေးအခြေအနေပြင်းထန်နေသည်။ နိုဝင်ဘာ(၃၀)ရက်နေ့ကလည်း ငွေလိမ်ခြံဝန်းထဲသို့ လက်နက်ကြီးတစ်လုံး၊ သောင်ရင်းမြစ်သောင်ပြင်ပေါ်သို့ သုံးလုံးကျရောက်ခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

မင်းလက်ပံရွာခံအချို့၏ပြောပြချက်အရ စစ်တပ်၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်များ ထိခိုက်ဒဏ်ရာရမှုရှိနေသည်။ ထို့ကြောင့် ကေအဲန်ယူအနေဖြင့် စစ်ဘေးရှောင်များနှင့် မြေပြင် ကေအဲန်ယူအဖွဲ့ဝင်များ၏ လုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် အတိအလင်းပြောဆိုသွားသည်။

Photo: KNU

Shunda Park ငွေလိမ်ခြံဝင်းမှထွက်ခွာရန် ငြင်းဆန်၍ကျန်နေသူ ၉၀၀ ကျော်အနက် ၉၃၁ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်သည်။ ၎င်းတို့မှလွဲပြီး ကေအဲန်ယူစာရင်းကောက်ခံထားသည့် ကျားဖြန့်လုပ်သား ၃၀၀၀ ကျော်တွင် ၂၀၀၀ ကျော်ကို ခေါ်ထုတ်ပြီးစီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ကေအဲန်ယူအနေဖြင့် သောင်ရင်းမြစ်ကမ်းဘေးတွင် စောင့်ဆိုင်းနေသူ နိုင်ငံခြားသားများ နေရပ်ပြန်နိုင်ရေးကိုလည်း သက်ဆိုင်ရာတာဝန်ရှိ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက်မည်ဟု ဆိုသည်။

ထွက်ခွာရန်ငြင်းဆို၍ ခြံဝင်းအတွင်းလက်ရှိကျန်နေသေးသော နိုင်ငံခြားသား(၉၀၀)ကျော်ကို ဆက်လက် ကိုင်တွယ်မည့် လုပ်ငန်းစဥ်အား သိရှိနိုင်ရန် ကေအိုင်စီအနေဖြင့် ကေအဲန်ယူပြောခွင့်ရပုဂ္ဂိုလ်သို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ကေအဲန်ယူသည် မင်းလက်ပံရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် အကာအကွယ်ပေးထားသည့် အဆိုပါ ငွေလိမ်ခြံဝင်းကို ပြီးခဲ့သည့် နိုဝင်ဘာ(၂၁)ရက်နေ့မှစပြီး ထုတ်ဖော်ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး သက်သေခံ စုဆောင်းခြင်းနှင့်မှတ်တမ်းတင်ခြင်းတို့ကို တာဝန်ရှိသူများနှင့်ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။