Home သတင်း ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပစ်ခတ်ခံရ၍ ညောင်လေးပင်ခရိုင်ရှိ သံဃာတစ်ပါးအပါ ဒေသခံ(၄)ဦးသေဆုံး

ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပစ်ခတ်ခံရ၍ ညောင်လေးပင်ခရိုင်ရှိ သံဃာတစ်ပါးအပါ ဒေသခံ(၄)ဦးသေဆုံး

664
Photo: KNU

ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများတွင် ဒီဇင်ဘာ(၈)ရက်နေ့နှင့်(၁၀)ရက်နေ့က စစ်အုပ်စု၏လက်နက်ကြီးနှင့်လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သံဃာတော်တစ်ပါးနှင့် ရွာခံ အမျိုးသမီး(၂)ဦး၊ အမျိုးသား(၁)ဦး စုစုပေါင်း(၄)ဦး‌ သေဆုံးခဲ့ကြောင်း ကေအဲန်ယူကထုတ်ပြန်သည်။

ဒီဇင်ဘာ(၈)ရက်နေ့က နတ်သံကွင်းမှ ကျောက်စရစ်ရွာအနောက်ဖက်သို့ စက်တပ်လေထီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ရွာဘုန်းကြီးကျောင်းအဆောက်အဦး ထိမှန်ပျက်ဆီးပြီး သတင်းသုံးနေသည့် သက်တော်(၇၈)နှစ်ရှိ သံဃာတော်တစ်ပါးနှင့် (၇၆)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့သည်။ ဆယ်ကျော်သက် အမျိုးသားလူငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု ကေအဲန်ယူက ဆိုသည်။

ဒီဇင်ဘာ(၁၀)ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ လိန်ပင်ကျေးရွာတွင် ဂျက်ဖိုက်တာဗုံးကြဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် ရွှေခဲစုကျေးရွာ၊ ရွာခံအမျိုးသမီးတစ်ဦး ကျည်စထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

လိန်ပင်ရွာခံများနှင့် နီးစပ်သူအမျိုးသမီးက “ရွာက စစ်တောင်းမြစ်နဲ့ကပ်လျက်လေ၊ နတ်သံကွင်းနဲ့နီးတယ်။ အဲဒီနေ့ကကိုးနာရီလောက်မှာ လေယာဥ်လာကြဲတယ်လို့ပြောတယ်။ ရွာသားတစ်ယောက်တော့ သေသွားတယ်။ မတိုင်ခင်နှစ်ရက်လောက်ကလည်း ကျောက်စရစ်ရွာကို ပါရာမိုတာနဲ့လာကြဲသွားသေးတယ်။ ကျောက်စရစ်ကလည်း လိန်ပင်နဲ့ကပ်လျက်ရွာပဲ” ဟု ကေအိုင်စီကို ပြောသည်။

Photo: KNU

လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးများကြောင့် ဖော်ပြပါကျေးရွာတို့ရှိ ဒေသခံနေအိမ်(၆)လုံးထက်မနည်း၊ ဈေးဆိုင်ခန်းများ၊ ဆေးပေးခန်းများ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးပျက်ဆီးသွားကြောင်း ကေအဲန်ယူ၏ထုတ်ပြန်ချက်က ဖော်ပြသည်။

ညောင်လေးပင်ခရိုင်သည် ကေအဲန်ယူအုပ်ချုပ်မှုအောက်တွင်ရှိသော်လည်း မြို့ပေါ်လိုနေရာများတွင်မူ စစ်အုပ်စုက လုံခြုံရေးဖြည့်တင်း နေရာယူထားသည်။ ထို့အပြင် ရွာချင်းဆက်၊ မြို့နှင့်ရွာဆက်သွယ်ထားသည့် လမ်းပိုင်းများတွင်လည်း တော်လှန်ရေးအင်အားစုများအပြင် စစ်တပ်အထိုင်ချ လှုပ်ရှားမှုရှိသည်ဟု ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများက ပြောဆိုဖူးသည်။

စစ်အုပ်စုက ၎င်းတို့မစိုးမိုးနိုင်သော အရပ်သားပြည်သူနေရာများသို့ မကြာခဏလက်နက်ကြီးပစ်ခတ်လေ့ရှိရာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ(၃)ရက်နေ့ကလည်း လက်နက်ကြီးကြောင့် မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာမှ ရွာသား(၂)ဦးသေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။