Home သတင်း ဘီးလင်းတွင် ဘုန်းကြီးကျောင်းလာသည့် အမျိုးသမီး(၃)ဦး လက်နက်ကြီးထိမှန်သေဆုံး

ဘီးလင်းတွင် ဘုန်းကြီးကျောင်းလာသည့် အမျိုးသမီး(၃)ဦး လက်နက်ကြီးထိမှန်သေဆုံး

1185
Photo: CJ

ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ ယနေ့(ဒီဇင်ဘာ ၂၄ ရက်နေ့)က စစ်အုပ်စုပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီး(၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ရွာခံများ၏ပြောပြချက်အရ သိရသည်။

ယနေ့မနက်ပိုင်းက အလူးကြီးရွာရှိ ခေတ္တာဘုန်းကြီးကျောင်းဆောင်အရှေ့သို့ လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသို့လာရောက်သူ အသက်(၂၀)ဝန်းကျင်မှ (၅၀)ဝန်းကျင်အရွယ် အမျိုးသမီး(၃)ဦးမှာ ကျည်စထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ရွာခံအမျိုးသားက ပြောသည်။

“ဘုန်းကြီးအဆောင်ရှေ့မှာလက်နက်ကြီးကျတော့ အဲ့မှာ အမျိုးသမီး ၃ ယောက်ပွဲချင်းပြီးသေတယ်။ ၂ ယောက်ကတော့ သံတံခါးမှာနေတာ။ တစ်ယောက်က ဘန့်ဘွေးကုန်းရွာက။ ဘုန်းကြီးဆီမှာ ဗေဒင်လာတွက်ရင်းဖြစ်တာ” ဟု ၎င်းက ကေအိုင်စီကိုပြောသည်။

ဒေသတွင်းသတင်းအရင်းအမြစ်တချို့ကို ထပ်မံအတည်ပြုချက်အရ သေဆုံးသူများမှာ အသက်(၃၀)နှစ်အရွယ် မခိုင်သွယ်ဝင်း၊ မထွေး(၂၃)နှစ်နှင့် ဒေါ်ချော(၄၉)နှစ်တို့ ဖြစ်ကြောင်းသာသိရပြီး အသေးစိတ်အချက်အလက်များကို ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း “သူတို့တွေက ဘုန်းကြီးဆီသွားလည်တာတဲ့။ စစ်တပ်ဘက်ကပစ်တဲ့ဟာက ဘုန်းကြီးကျောင်းနားမှာကျတော့ထိပြီးပေါ့။” ဟု အတည်ပြုပြောဆိုသည်။

၎င်းတို့အပြင် လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်ကြောင်းလည်း ရွာခံတို့၏ပြောပြချက်အရ သိရသည်။

ယခု ဒီဇင်ဘာလအတွင်း ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်အုပ်စုစစ်ကြောင်းလှည့်လည်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ခပ်စိတ်စိတ်လုပ်ဆောင်လာနေခြင်းကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုရှိနေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ(၁၂)ရက်နေ့က စစ်ကြောင်းလှည့်လာသည့်စစ်အုပ်စုကို ပစ်ကူပေးသည့်လက်နက်ကြီးများ အလူးကြီးရွာအနီး ဖိုးဝသိမ်ကျေးရွာသို့ကျရောက်ပြီး ရွာသား(၂)ဦးသေဆုံးခဲ့သေးကြောင်း ရွာခံများကပြောသည်။

ကေအဲန်ယူသထုံခရိုင်၏ မှတ်တမ်းအရ ပြီးခဲ့သည့်နိုဝင်ဘာလကလည်း စစ်အုပ်စုက အရပ်သားပြည်သူရှိနေသည့်ကျေးရွာများနှင့်ခြံမြေများသို့ လက်နက်ကြီးပစ်ခတ်မှု(၁၀)ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့သည်ဟု သိရသည်။