Home သတင်း ဘီးလင်းတွင် စစ်အုပ်စုစစ်ကြောင်းလှည့်စဥ် ရွာသား(၂)ဦးသေဆုံးပြီး တချို့အဖမ်းခံရ

ဘီးလင်းတွင် စစ်အုပ်စုစစ်ကြောင်းလှည့်စဥ် ရွာသား(၂)ဦးသေဆုံးပြီး တချို့အဖမ်းခံရ

486
Photo: CJ

ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများဘက်သို့ ယမန်နေ့ ဒီဇင်ဘာ(၁၂)ရက်နေ့က စစ်အုပ်စုစစ်ကြောင်းလှည့်လည်စဥ် လက်နက်ကြီးပစ်ခတ်လို့ ရွာသား(၂)ဦးသေဆုံးကာ၊ ရွာသားတချို့လည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့က ဖိုးဝသိမ်၊ ညောင်ထောက်၊ ရှမ်းစု၊ ကျေးရွာများဘက်သို့ စစ်အုပ်စု စစ်ကြောင်းထိုးလာရာ လမ်းကြောင်းရှင်း လက်နက်ကြီးပစ်ခတ်ပေးသဖြင့် ဖိုးဝသိမ်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် ဖိုးဝသိမ်ရွာခံအမျိုးသား(၂)ဦးသေဆုံး၍ (၁)ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဘီးလင်းဒေသခံတို့က ဆိုသည်။

“ဖိုးဝသိမ်ရွာထဲကို တည့်တည့်ပစ်တာ။ တစ်ယောက်ကတော့ ဆိုင်ကယ်စီးလာရင်း လက်နက်ကြီးကျတဲ့အချိန်နဲ့တိုးတော့ ကျည်စထိပြီးဆုံးတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာရထားလို့ တော်တော်ကြာကြာ စကစတွေ မတွေ့တော့မှ ကားနဲ့ဆေးရုံပို့ဖို့လုပ်တုန်း မသေသေးဘူး။ ဒါပေမဲ့ ဆရာဝန်ဆီမရောက်လိုက်ဘူး၊ လမ်းမှာပဲ သွေးထွက်လွန်ပြီးဆုံးသွားတယ်။” ဟု အလူးကြီးရွာသားတစ်ဦးက ပြောသည်။

လက်ရှိသတင်းရေးသားနေချိန်အထိ အင်အားထပ်ဖြည့်ထားသည့် အဆိုပါစစ်ကြောင်းမှာ အလူးကြီးကျေးရွာသို့ ရောက်ရှိ၊ လှည့်လည်သွားလာနေပြီး ရွာသားအချို့ကို ဖမ်းဆီးထားဆောင်ထားကြောင်း KNLA သတင်းအရင်းအမြစ်နှင့်ရွာခံများထံမှ သိရသည်။

“အဲဒီစစ်ကြောင်းပဲ ဒီနေ့အင်အားတွေထပ်တိုးလာတယ်။ လက်ရှိ တော်တော်များများ ဖိုးဝသိမ်ရွာ၊ သပြေနီ၊ အလူးကြီးကျေးရွာဘက်တွေမှာ ရောက်နေပြီ။ အလူးကြီးဘက်မှာတော့ ဖမ်းခံထားရတာ ရွာသား ၃ ယောက်လို့ ကြားတယ်” ဟု စစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေသည့် KNLA တပ်ဖွဲ့ဝင် ဘီးလင်းဒေသခံ အမျိုးသမီးက ပြောသည်။

ဖမ်းဆီးခံထားရသူများ၏အချက်အလက်အသေးစိတ်ကို ကေအိုင်စီအနေဖြင့် စုံစမ်းနေဆဲဖြစ်သော်လည်း အလူးကြီးရွာခံတစ်ချို့၏ပြောပြချက်အရ ရွာသို့ စစ်အုပ်စုစစ်ကြောင်းလှည့်လည်ရင်း ကျန်ရှိနေသူရွာသား(၃)ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းထားသည်မှာ အမှန်ဖြစ်ကြောင်း အတည်ပြုချက်ရရှိသည်။

ဘီးလင်းမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၁)၊ သထုံခရိုင်အတွင်းရှိ၍ အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲများစွာ ဖြစ်ပွားနေသည့်နယ်မြေဖြစ်သည်။

ထို့အပြင် အလူးကျေးရွာအုပ်စုနှင့်အနီးတဝိုက်မှာလည်း စစ်အုပ်စုစစ်ကြောင်း မကြာခဏလှည့်လည်လေ့ရှိပြီး လက်နက်ကြီးပစ်ခတ်မှုကြိမ်ဖန်များစွာ လုပ်ဆောင်လေ့ရှိသောကြောင့် နေထိုင်သွားလာမှု ဂရုပြုရသည့်နေရာများဖြစ်သည်ဟု ဒေသခံတို့ကဆိုသည်။