ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီ မြို့ တောင်ဘက်၊ ဖလူးလေးကျေးရွာထိပ်ရှိ ရွှေတိဂုံပုံစံတူ စေတီဘုရားနေရာအား စစ်အုပ်စုက ယနေ့(ဒီဇင်ဘာ ၁၀ ရက်)နေ့လည်ပိုင်းမှာ ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း နယ်မြေစစ်ရေးသတင်းအရင်းအမြစ်အရ သိရသည်။
ဖလူးလေးကျေးရွာ၌ စစ်အုပ်စုနှင့် KNLA မဟာမိတ်တပ်များ နှစ်ဖက်ထိပ်တိုက် စစ်ဆိုင်ထားသည့် ယနေ့ (၁၂) နာရီဝန်းကျင်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ထိုဘုရားစေတီနေရာကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဖလူးလေး ဘုရားကုန်းကို ရန်သူစစ်ကြောင်းတက်လာတာ၊ မရတော့မရသေးဘူး။ ဂျက်ဖိုက်တာနဲ့ချတာ ၂ လုံးပေါ့။ တစ်ပတ်ပျံလိုက်၊ တစ်လုံးကြဲလိုက်နဲ့ချသွားတယ်။ တိုက်ပွဲလည်းဆက်ဖြစ်နေတုန်းဆိုတော့ မြေပြင် အပျက်အစီးက သေချာမသိရသေးဘူး၊ ပျက်စီးတာတော့ရှိတယ်” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။
စစ်အုပ်စုလေယာဥ်ကြဲချတိုက်ခိုက်သွားသည့် ဧရိယာတစ်ဝိုက်မှာ ငွေလိမ်ရာဇဝတ်လုပ်ငန်းများ ရှိနေပြီး ဖလူးလေးအပါအဝင် မင်းလက်ပံ၊ ကျော်ဝါးဘိုးတောင်ကြောဘက်သို့ စစ်ကြောင်းဖြန့်ကျက် တိုက်ခိုက်လာသည့် စစ်အုပ်စုကို KNLA မဟာမိတ်တပ်များက ဖြတ်တောက်တိုက်ခိုက်နေကြောင်းလည်း သိရသည်။

ဖလူးရွာခံသတင်းအရင်းအမြစ်အချို့၏ ပြောပြချက်အရ စစ်အုပ်စုက ဖလူး-ဝေါလေလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန် လက်ရှိတိုက်ပွဲဖြစ်နေသော ရွာများတဝိုက် လေကြောင်းအပါအဝင် လက်နက်ကြီးများတိုက်ခိုက်နေခြင်းဖြစ်သည်။ ယင်းကြောင့် ရွာရှိအိမ်ခြံမြေများ ထိခိုက်ပျက်စီးသလို ငွေလိမ်(ကျားဖြန့်)ရုံများလည်း အပျက်အစီးရှိသည်ဟု ဆိုသည်။
“ဖလူး၊ ဖလူးလေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်မှာတော့ အိမ်တွေခြံတွေ ပျက်ကုန်ပြီ။ လက်နက်ကြီးရော ဒရုန်းရော Y12 နဲ့ရော စစ်တပ်ကချနေတာဆိုတော့ ကျားဖျန့်ရုံ တွေလည်းပျက်ကုန်ပြီ။” ဟု ဖလူးရွာအုပ်ချုပ်ရေးတာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။
အင်အားအများအပြားသုံး ထိုးစစ်ဆင်ရာတွင် စစ်အုပ်စုဘက်ကသာ အထိနာပြီး ဒဏ်ရာရသူများကို မြဝတီမြို့ပေါ်သို့ပို့ဆောင်ကုသနေရကြောင်း မဟာမိတ်တပ်သတင်းအရင်းအမြစ်က ပြောဆိုကြသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
နောက်ဆုံးရရှိထားသည့် သတင်းများအရ စစ်အုပ်စုက အင်ကြင်းမြိုင်ရွာဘုန်းကြီးကျောင်းနေရာနှင့် မင်းလက်ပံရွာထိပ် လမ်းပိုင်းများဘက်မှ KNLA မဟာမိတ်တပ်များကို တိုက်ခိုက်နေသဖြင့် ယခုအချိန်အထိ နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။


















