Home သတင်း ဒီးမော့ဆို စစ်ရှောင်များ နေရာကို စစ်တပ် သုံးကြိမ် ဆက်တိုက် ဗုံးကြဲ

ဒီးမော့ဆို စစ်ရှောင်များ နေရာကို စစ်တပ် သုံးကြိမ် ဆက်တိုက် ဗုံးကြဲ

364
Photo: KnHRG

ဒီဇင်ဘာ ၈ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်များ နေထိုင်ရာ နေရာများကို စစ်တပ်က ဒီဇင်ဘာ ၇ ရက်နေ့တွင် သုံးကြိမ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ဘေးရှောင် ကူညီနေသူ များက ပြောသည်။

စစ်တပ်က လေယာဉ်နှစ်စီးဖြင့် ၃ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“ည(၈)နာရီဝန်းကျင်မှာ လာကြဲသွားတယ်။ စစ်ဘေးရှောင်ဒေသခံတွေ ထိခိုက်မိသွားတာမျိုးတော့ မရှိဘူး။ အဲ့နားတဝိုက်က အဆောက်အအုံတချို့တော့ ပျက်စီးသွားတယ်။ အခုလေကြောင်းက လာကြဲတာနှစ်ရက် ဆက်တိုက်ရှိပြီး။ မနေ့က စာသင်ကျောင်းရှိတဲ့နေရာကို လာကြဲသွားတာ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီဝန်းကျင်အချိန်တွင် လွိုင်ကော်မြို့နယ်အရှေ့ခြမ်းရှိ ပါလောင်း စစ်ရှောင်စာသင်ကျောင်းကို စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ အတွင်းရေးမှူး(၂) ဆရာဗညားခွန်အောင်က ပြောဆိုသည်။

Photo: KnHRG

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများထိခိုက်မှုမရှိသော်လည်း အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဆရာဗညားခွန်အောင်က ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် မော်ချီးဒေသ နေရာ (၃) နေရာကို စစ်အုပ်စုတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့သည်။

အာဏာသိမ်းစစ်အုပ်စု အနေဖြင့် ကရင်နီပြည်နယ်တွင်း ရွေးကောက်ပွဲ ကျင်းပရေး နယ်မြေပြန်လည်ရရှိရန် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ ၊ ဖယ်ခုံ စသည့် မြို့နယ် တစ်ခုချင်းစီကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။

ကရင်နီပြည်နယ်တွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ အတွင်း အရပ်သား (၁၆) ဦးသေဆုံးခဲ့ပြီး (၅၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်နီလူ့အခွင့်ရေးအဖွဲ့ (KnHRG) က ထုတ်ပြန်ထားသည်။