ဒီဇင်ဘာ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ အနောက်ဘက် (၁၆) မိုင်အကွာရှိ ဘုတလင်းကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေရသူဒေသခံများသည် လက်ရှိတွင် အဝတ်အထည်နှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ၎င်းတို့ကို အကူအညီပေးနေသူများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ဘုတလင်းရွာနှင့် အနီးတဝိုက်ရွာများအား လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ရွာနေလူထု ၁၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးကြရခြင်းဖြစ်သည်။
လက်ရှိတွင်လည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားသည့် ရွာသို့အဝင်အထွက်လမ်းကြောင်းများကို ပိတ်ဆို့ ထားသည့် အပြင် နယ်မြေတည်ငြိမ်မှုမရှိသေးသဖြင့် အိမ်ထောင်စု ၁၈ စုမှ လူဦးရေ ၈၀ ကျော်ရှိသည့် စစ်ရှောင်များသည် ယနေ့အထိ နေရပ်မပြန်နိုင်ဘဲ အခြေခံစားနပ်ရိက္ခာများ အဓိကလိုအပ်မှု ရှိနေသည်ဟု မြေပြင် ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
“အ၀တ်အထည်နှင့် စောင်၊ခြင်ထောင်၊ စားစရာ တွေတော့ အဓိက လိုတာပေါ့။ ပိတ်မိနေတဲ့ လူတွေလည်း ကျနော်တို့က လက်လှမ်းမီသလောက် သွားရောက်ခေါ်ပေးတယ်။ တချို့ ဖုန်းလိုင်း မရတဲ့ နေရာတွေကျတော့ သူတို့ ဘယ်နေရာမှာရှိတယ်ဆိုတာ ကျနော်တို့ မသိရဘူး ” ဟု လူမှုကယ်ဆယ်ရေး အသင်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်သည့် နိုဝင်ဘာလ ၂၇ ရက်နေ့အတွင်း စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှုများပါ လုပ်ဆောင်နေသည်။ ထို့အခြေအနေကြောင့် ဘုတလင် ကျေးရွာ အပါအဝင် အနီးတဝိုက်ရွာများမှ ဒေသခံများအနေဖြင့် ရွာလုံး ကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘာသာရေးအဖွဲ့ တာဝန်ရှိသူများနှင့် နီးစပ်ရာ ဒေသခံများက အကူအညီ ပေးထားသည်ဟု သိရသည်။
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသော ဒေသခံများသည် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ပြေးလွှားလာရသည့် စစ်ရှောင်များလည်းရှိနေသည်။ ရာသီဥတု အအေးပိုလာပါက အနွေးထည်နှင့် စောင်များ လိုအပ်လာမည်ဖြစ်သည်ဟု စစ်ရှောင်များ နေရပ်ရွှေ့ပြောင်းရန် လိုက်ပါကူညီနေသည့် လူမှုကူညီရေးအသင်းအဖွဲ့များက ဆိုသည်။
အဆိုပါ ပဲခူးရိုးမအစပ်ဖြစ်သော တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့တွင် ယခုကဲ့သို့ တိုက်ပွဲများ ကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခင်ကတည်းက တိမ်းရှောင်နေရမှုများ ရှိကြောင်း ဒေသတွင်း သတင်များက ဖော်ပြသည်။
ယမန်နေ့တွင်လည်း တောင်ငူခရိုင် ၊ ကျောက်ကြီးမြို့နယ်ရှိ ညောင်ပင်သာရွာသို့ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ(၄)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။


















