ဒီဇင်ဘာ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
CDM တွင်ပါဝင်ထားကြသည့် စစ်တပ်နှင့်ရဲဘက် မိသားစုအသိုင်းအဝိုင်းကိုဦးတည်၍ ပြည်သူ့ပန်းတိုင်နှင့် Sisters 2 Sisters တို့ပူးပေါင်းပြီး ယနေ့ ဒီဇင်ဘာ (၄) ရက်နေ့က မဲဆောက်မြို့တစ်နေရာတွင် (၁၆)ရက်တာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှု အစီအစဥ်တစ်ခု ပြုလုပ်ခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂက နှစ်စဥ် နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိကို အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ပပျောက်ရေးရက်ကာလအဖြစ် သတ်မှတ်ထားပြီး မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ထို(၁၆)ရက်တာလုံး အထိမ်းအမှတ်၊ လှုပ်ရှားမှုများ ပြုလုပ်ကျင်းပကြခြင်းဖြစ်သည်။
မြန်မာ့လူမှုအဖွဲ့အစည်း၊ အထူးသဖြင့် ဖိုဝါဒကြီးစိုးမှုအမြစ်တွယ်နေသော တပ်နှင့်ရဲဘက် အသိုင်းအဝိုင်းတွင် Gender နှင့်ပတ်သက်၍ ဖိနှိပ်ခွဲခြားဆက်ဆံမှုများ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ၎င်းမှစွန့်ခွာလာသူများ အသိအမြင်တိုးပွားစေရန် ရည်ရွယ်ပြီး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ယခုလို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ပြည်သူ့ပန်းတိုင်မှ ကိုကျော်ကိုကိုက ပြောသည်။
“တပ်တို့ရဲတို့ဆိုတာ ဖိုဝါဒအားကောင်းတဲ့အဖွဲ့အစည်းတွေပါ။ ပြင်ပမှာ Gender နဲ့ပတ်သက်ရင် balance ဖြစ်ပေမယ့် တပ်ရဲဘက်မှာက ဖိနှိပ်ကျူးလွန်မှုတွေ ဆက်ရှိနေဆဲပါ။ အဲဒါကြောင့် ဒီအစုအဖွဲ့ကနေစွန့်ခွာလာတဲ့ အသိုင်းအဝိုင်းက ဒီကနေ သင်ယူနိုင်မယ်၊ အသိပညာနဲ့ဗဟုသုတတိုးနိုင်မယ်။ ၁၆ ရက်တာလှုပ်ရှားမှုကိုလည်း ပိုသိစေဖို့ ရည်ရွယ်ပြီးလုပ်တာပါ။” ဟု ကိုကျော်ကိုကိုက ပြောသည်။
ယနေ့အစီအစဥ်တွင် ပဋိပက္ခနှင့်ဆက်နွယ်ပြီးဖြစ်ပွားလေ့ရှိသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ Gender အပေါ်အခြေခံပြီး ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများကို တားဆီးကာကွယ်ခြင်းနှင့် တရားမျှတမှုဖော်ဆောင်ခြင်းဆိုင်ရာ အသိပညာများကို ဟောပြောပို့ချခဲ့သည်ဟု ဦးဆောင်သူများထံမှ သိရသည်။
“ဒီလိုအစီအစဥ်ကို ကျမအခုမှ ပထမဆုံးတက်ဖူးတာ။ အကြမ်းဖက်မှုပပျောက်အောင် ဘယ်အဖွဲ့တွေကို ဘယ်လိုတိုင်ကြားရမယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာတွေ့ခဲ့ရင်လည်း ဒါတွေပပျောက်အောင် ပူးပေါင်းဆောင် ရွက်လို့လည်းရတယ်ဆိုတာမျိုးကို သိလိုက်ရတယ်”ဟု အစီအစဥ်တွင် ပါဝင်ခဲ့သူတပ် CDM မိသားစုဝင် အမျိုးသမီး တစ်ဦးက ပြောသည်။
ယနေ့ မနက် (၁၀)နာရီမှ နေ့လည် (၁၂)နာရီဝန်းကျင်အထိ ပြုလုပ်ကျင်းပခဲ့သော (၁၆)ရက်တာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုအစီအစဥ်တွင် ပြည်သူ့ပန်းတိုင်နှင့် Sisters 2 Sisters မှ တာဝန်ရှိသူများအပါအဝင် တပ်နှင့်ရဲဘက်ဆိုင်ရာ CDM များ၊ ၎င်းတို့မိသားစုဝင်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့လည်း တက်ရောက်ကြသည်။
ရှေ့ဆက်၍ တပ်နှင့် ရဲCDM အသိုင်းအဝိုင်းလက်လှမ်းမီနိုင်သည့်နေရာများတွင် (၁၆)ရက်တာ လှုပ်ရှားမှုအစီအစဥ်များ ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်းလည်း တာဝန်ရှိသူတို့က ဆိုသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့သည် စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်အစိုးရအာဏာရှင်စနစ်ကို စွန့်ခွာ၍ ပြည်သူ့ဘက်ရပ်တည်လာရေးနှင့် ၎င်းတို့မိသားစုများအတွက် ပံ့ပိုးကူညီပေးနေသော အဖွဲ့ဖြစ်သည်။ Sisters 2 Sisters သည် တော်လှန်ရေးကာလအတွင်း အမျိုးသမီးများခွဲခြားဆက်ဆံ အကြမ်းဖက်ခံရမှု၊ အမျိုးသမီး အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ ဖေးမကူညီရေး တက်ကြွလှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။


















