ဒီဇင်ဘာ ၁၀ ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲဝင်များ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလတစ်လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသမီး ၅၁ ဦး သေဆုံး ခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Women’s Union)က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။
နိုဝင်ဘာလအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြင် မြန်မာနိုင်ငံအနှံ ဒရုန်း အသုံးပြုတိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်းသို စစ်ကြောင်းထိုးခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကြောင့် အမျိုးသမီးများ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၅၇ ဦးထိရှိသည်ဟု BWU ကပြောသည်။
ထိုအပြင် သေဆုံးခဲ့သည့်အမျိုးသမီးများတွင် စစ်ကောင်စီက စစ်ကြောင်းထိုးစဉ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံ ရမှုများကြောင့် အမျိုးသမီး ၅၁ ဦးအထိ သေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် ၁၆ ဦးသေဆုံးကာ နိုဝင်ဘာလအတွင်း သေဆုံးမှုအများဆုံး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့ပြီး ၈၀ ဦး ဒဏ်ရာရခဲ့သည်။
BWU အနေဖြင့် အမျိုးသမီးများ ထိခိုက်ဒဏ်ရာရ သေဆုံးမှု စာရင်းကို လွတ်လပ်သည့် သတင်းဌာနများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုစည်းကောက်နုတ်ထားခြင်း ဖြစ်ပြီး မြေပြင်ပကတိအခြေအနေသည် ယခုထက်ပိုများနိုင်သည်ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း(AAPP)မှထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်အုပ်စုက အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလမှစတင်ပြီး ဒီဇင်ဘာလ(၉)ရက်နေ့အထိ ၇၅၆၄ အထိ စစ်အုပ်စုတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်များအရသိရသည်။


















