Home သတင်း ကြာအင်းဆိပ်ကြီးတွင် စစ်အုပ်စုထောက်ပို့ယာဥ် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် (၇) ဦးသေဆုံး

ကြာအင်းဆိပ်ကြီးတွင် စစ်အုပ်စုထောက်ပို့ယာဥ် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် (၇) ဦးသေဆုံး

672
Photo: CJ

ဒီဇင်ဘာလ (၁၁) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာကျေးရွာလမ်းပိုင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာ(၁၀)ရက်နေ့က လက်နက်ခဲယမ်းနှင့်ရိက္ခာသယ်ဆောင်လာသည့် စစ်အုပ်စုမော်တော်ယာဥ်တစ်စီးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ပါ တပ်ဖွဲ့ဝင်(၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မနက် (၁၀) နာရီဝန်းကျင်တွင် သံပုရာရွာ၊ တောင်ကလေးကုန်းတပ်စခန်းမှ ဒါလီချောင်းကူးတံတားဘက်သို့ ထောက်ပို့ပစ္စည်းများ သယ်ဆောင်မောင်းနှင်လာသည့် အဆိုပါယာဥ်ကို KNLA ပူးပေါင်းတပ်ဖွဲ့များက ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်မီးလောင်ပျက်စီး၍ စစ်အုပ်စုတပ်ဖွဲ့ဝင်(၇)ဦး သေဆုံးသွားသည်ဟု မဟာမိတ်တပ်ဖွဲ့ဘက်က ဆိုသည်။

“ဖောကားနဲ့ဆင်းလာတာကို ဆင်တော်လမ်းဂွေ့ မှာဆွဲမိုင်းရယ်၊ ပစ်တာရယ်နဲ့မစ်ရှင်လုပ်တာပေါ့နော်။ ကားကတော့မီးလောင်ပြီး ချောင်းထဲကျသွားတယ်။ ခဲယမ်းတွေပါတော့ ထပေါက်တာ အရပ်ဝတ်နဲ့ရော ယူနီဖောင်းတစ်ပိုင်းဝတ်ထားတဲ့သူရော ၇ ယောက်သေတယ်” ဟု အမည်မဖော်လိုသူ KNLA မဟာမိတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မော်တော်ယာဥ်တိုက်ခိုက်ခံရစဥ် ကားခေါင်းခန်း၌ ယာဉ်မောင်းအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦးရှိနေပြီး သယ်ဆောင်လာသည့် ခဲယမ်းများမီးလောင်ပေါက်ကွဲရာမှ ၎င်းတို့နှစ်ဦးလုံး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့သည်ဟုလည်း အဆိုပါမဟာမိတ်တပ်ဖွဲ့ဝင်က ဆက်လက်ပြောဆိုသည်။

Photo: CJ

လက်ရှိတွင် ပျက်စီးနေသော ဒါလီတံတားနေရာအပြင် ချောင်းနှစ်ခွတံတားနေရာကို စစ်အုပ်စုက ထောက်ပို့ယာဥ်များ ဖြတ်သန်းသွားလာနိုင်ရေး ပြန်လည်ပြင်ဆင်ရန်လုပ်ဆောင်နေသလို ကြာအင်းဆိပ်ကြီးမှ ကျိုက်မရော၊ မော်လမြိုင်မြို့တို့ အသွားအလာကိုလည်း အစစ်အဆေး အများအပြားချထားကြောင်း ကြာအင်းဆိပ်ကြီးမြို့နေထိုင်သူများမှ သိရသည်။

“တံတားပြန်ဆောက်ဖို့တော့ လုံခြုံရေးဂိတ်တွေလုပ်နေပြီ။ အဲဒီတော့ ကရင်တပ်တွေနဲ့ခဏခဏပစ်ခတ်မှုဖြစ်ကြတယ်။ အခုက ကြာအင်းဆိပ်ကြီးကနေ မုဒုံ၊ ကျိုက်မရော၊ မော်လမြိုင်သွားဖို့ စစ်တပ်ဂိတ်ရော DKBA ဂိတ်ရော ဖြတ်ရတာမနည်းဘူး၊ ဈေးသွားတာတောင်တအားစစ်တယ်” ဟု ကြာအင်းဆိပ်ကြီး မြို့ပေါ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်ရပ်ကွက်များ၌ စစ်အုပ်စုက လုံခြုံရေးတိုးချထားသလို ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်း၊ မုဒုံ-ကျိုက်မ‌ရော-‌ချောင်းနှစ်ခွ လမ်းပိုင်းများတွင်လည်း ကင်းပုန်းများ၊ စစ်ဆေးရေးဂိတ်များ လုပ်ထားကြောင်း မြို့တွင်းရှိ ကေအိုင်စီသတင်းအရင်းအမြစ် ၏ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာတတိယအပတ်ကလည်း ယခုစစ်ထောက်ပို့ယာဥ်တိုက်ခိုက်ခံရသည့် သံပုရာရွာအနီးတဝိုက်သို့ စစ်အုပ်စု စစ်ကြောင်းထိုးခဲ့ပြီး ချောင်းအတွင်း ငါးဖမ်းနေသူ ရွာသား(၅)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးကြောင်း ရွာခံများမှ ထိုစဥ်ကပြောဆိုဖူးသည်။