ဒီဇင်ဘာ ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်ရှိ နိုင်ငံတကာသို့ ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို တိုက်ဖျက်ရေးတွင် ထိရောက်မှုရှိရေး အတွက် ထိုင်းတော်ဝင်အစိုးရနှင့် နိုင်ငံတကာအနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ပူးပေါင်း လုပ်ဆောင်ရန် ကရင်အရပ်ဖက်အဖွဲ့ ၃၀ ကျော်က ဒီဇင်ဘာ ၃ ရက်နေ့တွင် တောင်းဆို လိုက်သည်။
မြဝတီမြို့ တောင်ဘက်ရှိ ငွေလိမ်လုပ်ငန်းများကို ကေအဲန်ယူက ဖြိုခွဲမှု ပြုလုပ်ပြီးနောက် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရန် နိုင်ငံတကာ၏ အလေးထားပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်းများက ပြောသည်။
ထို့အပြင် စစ်တပ်က ကျူးလွန်သူများ၏ သက်သေအထောက်အထားများကို ဖျက်ဆီးရန် လေကြောင်းတိုက်ခိုက် မှုများ လုပ်ဆောင်နေသလို ကေအဲန်ယူ၏ ကျားဖြန်နှိမ်နှင်းမှု စစ်ဆင်ရေးကိုလည်း နှောက်ယှက်ကာ လက်နက် ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် ကိုင်တွယ်ဖြေရှင်းမှုနှောင့်နှေးပါက အသက်သေဆုံးမှုများ ဖြစ်ပေါ် လာနိုင်သည်ဟု ကရင်အရပ်ဖက်အဖွဲ့များက ထောက်ပြ ပြောဆိုသည်။
“ဒီပြဿနာက ဒေသအတွင်းပြဿနာမဟုတ်ဘူး ကေအဲန်ယူ ပြဿနာလဲမဟုတ်ဘူး။ နိုင်ငံတကာပြဿနာ ဖြစ်တဲ့အတွက် အားလုံးက ပူးပေါင်း ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်တယ်။ စစ်အုပ်စုဘက်က သက်သေတွေ လိုက်ဖျက် နေတာကြောင့် သက်သေတွေမပျောက်ခင် နိုင်ငံတကာ ပညာရှင်တွေအနေနဲ့ ကေအဲန်ယူနဲ့ ပူးပေါင်း ပါဝင် လုပ်ဆောင်ဖို့ တိုက်တွန်းတာဖြစ်တယ်” ဟု ကရင်အရပ်ဖက် အဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ နန်းကြည်အေးက ကေအိုင်စီသို့ ပြောသည်။
ကျားဖြန့် လုပ်ငန်းတွင် ပိတ်မိနေသူများကို အမြတ်ထုတ်သူများထဲတွင် ထိုင်းနိုင်ငံသားများလည်း ပါဝင်နေသည့် အတွက် ထိုင်းတော်ဝင်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး ရာဇဝတ် လုပ်ငန်းများကို လင်မြန်စွာဖျက်သိမ်းရန် လိုအပ်သည်ဟု ကရင်အရပ်ဖက်အဖွဲ့များက တိုက်တွန်းထားသည်။
ထို့အပြင် အမေရိကန်၊ တရုတ်၊ ထိုင်ဝမ်နှင့် မလေးရှားအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးက အွန်လိုင်းငွေလိမ်ဂိုဏ်း၏ သားကောင်ဖြစ်သလို ဒေသအတွင်းရှိ လူမှုအသိုင်းအဝိုင်းများတွင်လည်း အလားတူ ခံစားနေရသည်ဟု အရပ်ဖက်အဖွဲ့များ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ကြောင့် လက်ရှိကြုံတွေ့နေရသည့် အကြပ်အတည်းများကို ဖြေရှင်းရန် ကေအဲန်ယူနှင့် အတူ နိုင်ငံတကာ၊ ထိုင်းတော်ဝင် အစိုးရတို့က ပူးပေါင်းဆောင်ရွက်ကာ နယ်စပ်ဖွင့်ပေးရန်၊ ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာကာ ကွယ်ပေးရန်လည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ငွေလိမ် လုပ်ငန်းများရှိရာ အဆောက်အဦး စတင်တည်ဆောက်စဉ်ကတည်းက စိုးရိမ်မှုရှိသည်ဟု ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် (KPSN) က အသိပေးထုတ်ပြန်ခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်များဟုဆိုကာ လျစ်လျူရှုခံခဲ့ရသည်။
ထို့အပြင် ငွေလိမ်လုပ်ငန်း၏ မူလဇစ်မြစ်သည် အာဏာသိမ်းစစ်အုပ်စုတပ်ဖြစ်ပြီး အဆိုပါရက်စက် ကြမ်းကြုတ် သည့် လုပ်ငန်းများ တည်ထောင်ရန်အတွက် အာဏာသိမ်းစစ်အုပ်စုတပ်နှင့် နယ်ခြားစောင့်တပ် (BGF) အပါအဝင် ၎င်းတို့ကိုထောက်ခံသည့်အဖွဲ့များက ကူညီပံ့ပိုးပေးထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
မင်းလက်ပံ Shunda Park အွန်လိုင်းငွေလိမ်ဂိုဏ်းခြံဝန်းကို ကေအဲန်ယူက ဝင်ရောက်စီးနှင်းပြီးနောက် လူဦးရေ ၃,၅၈၂ ဦး စာရင်းကောက်နိုင်ယူ နိုင်ပြီး ၎င်းတို့ထဲမှ ၂,၆၄၀ ဦးကို ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိသည့် အယောက် ၉၀၀ ကျော်သည် ထွက်ခွာလိုခြင်းမရှိဟု ပြောဆိုထားသည်။
ထိုင်းမြန်မာနယ်စပ်အတွင်းရှိ KKpark ငွေလိမ်လုပ်ငန်းခြံဝင်းကိုလည်း အာဏာသိမ်းစစ်ဘက်မှ ဝင်ရောက်စီးနင်း ပြီးနောက် သေသက်များနှင့် အဆောက်အဦးများကို ဖျက်ဆီးလိုက်သလို လက်ရှိ နာမည်ကြီး ရွှေကုက္ကိုလ် တွင်လည်း အွန်လိုင်းငွေလိမ်မှုနှင့် ဆက်စပ်သည့် အဆောက်အဦးနှင့် သက်သေအချို့ကို စတင်ဖျက်ဆီး နေသည် ဟု သိရသည်။


















