Home သတင်း ကော့ကရိတ်မြောက်ပိုင်း တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၅) ဦး ဖမ်းဆီးခံရ၊ (၂) ဦးလက်နက်ချ

ကော့ကရိတ်မြောက်ပိုင်း တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၅) ဦး ဖမ်းဆီးခံရ၊ (၂) ဦးလက်နက်ချ

891
Photo: Social Media

ဒီဇင်ဘာ (၁၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းတွင် ဒီဇင်ဘာဒုတိယအပတ်အတွင်း စစ်အုပ်စုပူးပေါင်းတပ်နှင့် KNLA မဟာမိတ်တပ်များ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်(၅)ဦးကို KNLA က ဖမ်းဆီးရရှိခဲ့ပြီး တပ်ကြပ်ကြီးအဆင့်ရှိသူ(၂)ဦးလည်း လက်နက်ချလာကြောင်း ကလို‌‌ထူးဝါးစစ်ကြောင်းမှ သိရသည်။

ဒီဇင်ဘာလ(၇)ရက်နေ့မှစ၍ နောင်ကိုင်း၊ မိဖာလဲကျေးရွာများတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိရာ ဒီဇင်ဘာ(၁၁)ရက်နေ့အထိ ကျုံဒိုးအခြေစိုက် စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ-၅၄၅ မှ တပ်ဖွဲ့ဝင်(၅)ဦးကို KNLA က ဖမ်းဆီးရမိခဲ့သလို ထိုတပ်ရင်းမှ အရာရှိ (၂) ဦးလည်း လက်နက်ချခဲ့သည်ဟု အမည်မဖော်လိုသူ ကလိုထူးဝါးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စကမတွေ နောင်ကိုင်း၊မိဖာလဲမှာ ကျလိုက်၊ နောက်ပြန်ဆုတ်လိုက်ဖြစ်နေတာ။ လေးရက်အတွင်း ကျနော်တို့ အရှင်မိတာ ၅‌ ယောက်၊ အရာရှိတစ်ယောက်တော့ပါပေမယ့် အတည်ပြုနေတုန်းပဲ။ နောက်ရက်မှာ တပ်ကြပ်ကြီး နှစ်ယောက် အလင်းဝင်လာတယ်။ “ဟု အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။

KNLA မဟာမိတ်တပ်များက စစ်အုပ်စုပူးပေါင်းတပ်ကို ကြားဖြတ်တိုက်ခိုက်သည့်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ ၂၀ ဦးထက်မနည်းရှိကြောင်း ကလိုထူးဝါးတပ်ဖွဲ့ဘက်က ဆိုထားပြီး ကေအိုင်စီအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

Photo: Social Media

လေးရက်တာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာတွင် စစ်အုပ်စုဘက်က ဒဏ်ရာရရှိသူများနှင့် သေဆုံးတပ်ဖွဲ့ဝင်များကို ၎င်းတို့ထောက်ပို့ စစ်သုံးမော်တော်ယာဥ်များဖြင့် ဖားအံ၊ တောင်ကလေးဆေးရုံဘက်သို့ ပို့ဆောင်ကုသစေသည်ဟုလည်း ကျုံဒိုးဒေသတွင်စစ်ရေးလှုပ်ရှားနေသည့် KNLA သတင်းအရင်းအမြစ်က ပြောသည်။

KNLA တပ်ဖွဲ့ဝင်တစ်ဦးက “နေ့တိုင်း ဖားအံကနေ ကျုံဒိုးကိုစစ်ကူရော ခဲယမ်းရော ပို့တယ်လေ။ အဲဒီကားတွေနဲ့ပဲ ဒဏ်ရာရ သူတို့တပ်ဖွဲ့ဝင်တွေနဲ့အလောင်းတွေကို ထီဖိုးစံ၊‌ နောင်ကိုင်းဘက်ကနေ ကျုံဒိုးဘက်ပြန်သယ် ပြန်ပို့လုပ်နေတာ။ စစ်ကူအင်အားက ၁၀၀ လောက်ရှိမယ်၊ တပ်ချိန်း စစ်‌ကြောင်းချိန်းပေါ့။ ဂျိုင်းတံတားကနေ သယ်တာ နေ့တိုင်းမြင်နေရတယ်” ဟု ကေအိုင်စီကိုပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်အုပ်စုက ၎င်းတို့လက်နက်ကြီးအထိုင်ချထားသည့်ဘက်မှ နောင်ကိုင်း၊ မိဖာလဲ၊ ထီဖိုးစံ၊ ကောင်းမှု၊ အောက်ဘိုတဲနေရာများသို့ ပစ်ကူတိုက်ခိုက်ပေးနေသလို ဒရုန်းဖြင့်ကင်းထောက်ခြင်း၊ တိုက်ခိုက်ခြင်းတို့လည်း နေ့စဥ်ဖြစ်ပွားနေကြောင်း သိရသည်။

ထို့အပြင် နဘူး၊‌‌ နောင်တပွဲ၊ မြပတိုင်၊ နောင်ထပ္ပံ ရွာဘက်တို့တွင်လည်း စစ်အုပ်စုပူးပေါင်းတပ်များ ကင်မရာတပ်ဆင်ထားသည့် ကင်းထောက်မိုးပျံပူပေါင်းများ လွှတ်တင်ပြီး တော်လှန်ရေးတပ်ဖွဲ့၏စစ်ရေးလှုပ်ရှားမှုများကို မပြတ်စောင့်ကြည့်နေသည်ဟု KNLA မဟာမိတ်တပ်များက ဆိုသည်။