Home သတင်း ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတွင် အသေခံဒရုန်း(၇)စင်း ထပ်မံတိုက်ခိုက်ခံရပြီး အပျက်အစီးရှိ

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတွင် အသေခံဒရုန်း(၇)စင်း ထပ်မံတိုက်ခိုက်ခံရပြီး အပျက်အစီးရှိ

343
Photo: CJ

ဒီဇင်ဘာ (၁၀) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)ဌာနချုပ်နယ်မြေတစ်ဝိုက်တွင် ယနေ့မနက် (၃)နာရီအချိန်ကစတင်၍ အသေခံဒရုန်း(ကာမီကာဇေ) ၇ စင်း ထပ်မံတိုက်ခိုက်ခံရ၍ ဆိုင်ကယ်နှစ်စီးပျက်စီးပြီး အဆောက်အဦးထိမှန်မှု အနည်းငယ်ရှိသည်ဟု တပ်မဟာ(၇)KNLA သတင်းအရင်းအမြစ်မှ သိရသည်။

ယနေ့မနက်(၃)နာရီမှ မနက်(၅)နာရီဝန်းကျင်အထိ ကာမီကာဇေဒရုန်း(၇)စင်း ကြဲချတိုက်ခိုက်ခံလိုက်ရပြီး ပျက်စီးမှုအနည်းငယ်သာရှိ၍ လူထိမှန်မှုမရှိဟု တပ်မဟာ(၇)ဌာနချုပ်နယ်မြေအတွင်းရှိနေသူက ပြောသည်။

“ဆိုင်ကယ်နှစ်စီးတော့ပျက်တယ်။ အိမ်ကတော့နည်းနည်းပါးပါးပဲ ဟိုနည်းနည်းဒီနည်းနည်းတော့ထိတာပေါ့။ ဘယ်သူမှထိခိုက်တာမရှိဘူး” ဟု ၎င်းက ကေအိုင်စီကိုပြောသည်။

မိနစ်ပိုင်းသာခြား၍ ဒရုန်းကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး ကျသည့်အကြိမ်ရေတိုင်းလိုလို ပေါက်ကွဲအားပြင်းထန်မှု ရှိကြောင်း ထိုနယ်မြေရှိ အရပ်သားသတင်းအရင်းအမြစ်မှ သိရသည်။

Photo: CJ

အသက်(၅၀)အရွယ် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ကိုင်သူ အမျိုးသမီးက “ပထမတစ်စင်း ကျကတည်းက ကျမတို့တစ်အိမ်လုံးနိုးတယ်။ သူ့အသံကတော်တော်ကျယ်တာ အရင်လိုမဟုတ်ဘူး။ မြေကြီးအက်ကွဲတုန်ခါသွားတာ တော်တော်ပြင်းတယ်။ မနက်(၃)နာရီကတည်းက စတာ မိုးလင်းတဲ့အထိပဲ။ ပြန်မအိပ်ရဲတော့ဘူး” ဟု ဆိုသည်။

ကေအိုင်စီ၏မှတ်တမ်းအရ အဆိုပါနယ်မြေတွင် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းကတည်းကစတင်၍ အသေခံဒရုန်းများ တိုက်ခိုက်ခံနေရခြင်းဖြစ်ပြီး ယခုတစ်ကြိမ်အပါအဝင် လေးကြိမ်ထက်မနည်းရှိပြီဖြစ်သည်။ ဩဂုတ်လ (၁၀) ရက်နေ့ကလည်း စစ်အုပ်စု Y12 လေယာဥ်မှ ဗုံးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်သွားသည်။

တိုက်ခိုက်မှုအကြိမ်ရေတိုင်း ထိခိုက်ပျက်စီးမှုအများအပြား မရှိသော်လည်း စစ်အုပ်စုထောက်ခံသည့် မီဒီယာများတွင်မူ KNU/KNLA ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း ဖော်ပြဖြန့်ဝေလျက်ရှိသည်။