ဒီဇင်ဘာ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်နီ (ကယား) ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စစ်အုပ်စုတပ်၏ လူ့အခွင့်အရေး ချိုး ဖောက်မှု များကြောင့် ကလေး ၁ ဦး အပါအဝင် ဒေသခံပြည်သူ (၁၆) ဦး သေဆုံးခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနှင့် သေနတ်ဖြင့် ပစ်သတ်ခံရမှုများကြောင့် ကလေး ငယ် ၁ ဦး၊ အမျိုးသား ၁၂ ဦး နှင့် အမျိုးသမီး ၁၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၆) ဦး၊ ကလေး (၃) ဦးနှင့် ဂျန်ဒါမသိ ပြည်သူ (၃၃) ဦး မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် နေအိမ် ၁၈ လုံး၊ ဘာသာရေး အဆောက်အဦ ၂ လုံး၊ ပြည်သူပိုင် အဆောက်အဦး ၅ လုံး ပျက်စီးခဲ့ကာ မော်တော်ယာဉ် ၈ စီး၊ စိုက်ခင်း ၃ ခင်း လည်း ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကရင်နီပြည်နယ်ရှိ အရပ်သားများနေထိုင်ရာ နေရာများကို စစ်အုပ်စုတပ်က လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၅ ကြိမ်အပြင် ပစ်ခတ်မှုနှင့် ဖမ်းဆီးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ မြေမြှုပ်မိုင်းကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်၏ သေနတ်ဖြင့် ပစ်ခတ်ခံရမှု ကြောင့် အမျိုးသား တစ်ဦးသေဆုံးခဲ့သည့်အပြင် အရပ်သား ၁၉ ဦး ဖမ်းဆီးခံရသည်ဟု ဆိုသည်။
“ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မြို့နယ်များ ရရှိဖို့အတွက် စစ်အုပ်စုက စစ်ကြောင်းထိုး လာတာတွေကြောင့် ပြည်သူ တွေ ထပ်မံရွှေ့ပြောင်း နေရဆဲဖြစ်ပြီး ဇူလိုင်နဲ့ ဩဂုတ်လအတွင်း ရွှေ့ပြောင်းနေရသူ ၂၀၀,၀၀၀ ခန့်ရှိပြီး အရေး ပေါ် စားနပ်ရိက္ခာတွေ၊ အမိုးအကာတွေ လိုအပ်မှု အမြင့်မားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတယ် ” ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် နိုင်ငံတကာ အကူအညီများ လိုအပ်နေသည့်အပြင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ အပါအဝင် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း လိုအပ်နေသည်ဟု တောင်းဆိုထားသည်။
နိုင်ငံတကာ အနေဖြင့်လည်း စစ်အုပ်စုတပ်ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန်နှင့် လုပ်ရပ်များကို အမြစ်ပြတ်လုပ်ဆောင်ရန် လိုသည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
၎င်းအပြင် မြန်မာစစ်တပ်အပေါ်လက်နက်ရောင်းချမှုများကို တားမြစ်ချမှတ်ပြီး စစ်တပ်ထံ လေယာဉ် ဆီရောင်း ချမှုနှင့် ထောက်ပံ့မှုများကို အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သင့်ကြောင်းလည်း နိုင်ငံတကာသို့ KnHRG က တောင်းဆိုလိုက်သည်။


















