Home သတင်း ကမ္ဘောဒီးယားစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုင်းစစ်သား(၁)ဦးသေဆုံး၊ (၄)ဦးထက်မနည်း ဒဏ်ရာရ

ကမ္ဘောဒီးယားစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုင်းစစ်သား(၁)ဦးသေဆုံး၊ (၄)ဦးထက်မနည်း ဒဏ်ရာရ

524

ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်၊ အူဘွန်းရချတ်ဌာနီခရိုင်တွင် ယနေ့ (ဒီဇင်ဘာ ၈ ရက်နေ့) မနက်ပိုင်း ကမ္ဘောဒီးယားစစ်တပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိုင်းစစ်သား(၁)ဦးသေဆုံးပြီး၊ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း ထိုင်းသတင်းအရင်းအမြစ်အရ သိရသည်။

ယနေ့ မနက် (၅)နာရီ (၅)မိနစ်အချိန်မှစ၍ အူဘွန်းရချတ်ဌာနီခရိုင်၊ ချောင်အန်းမ နယ်မြေထဲသို့ ကမ္ဘောဒီးယားစစ်တပ်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုများကြောင့် ထိုင်းတော်ဝင်တပ်မတော်မှ စစ်သားထိခိုက်သေဆုံးမှုဖြစ်ပွားရသည်ဟု ဘန်ကောက်ပို့စ်သတင်းမှ ဖော်ပြသည်။

ကမ္ဘောဒီးယားနိုင်ငံဘက်က စတင်ပစ်ခတ်ခဲ့မှုကြောင့် မနက်(၇)နာရီဝန်းကျင်၌ ထိုင်းစစ်သား (၁)ဦးသေဆုံးကာ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထိုင်းတော်ဝင်တပ်မတော်၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဝင်းထိုင်းဆူဗရီ က ဆိုသည်။

ထို့ကြောင့် ကမ္ဘောဒီးယားစစ်တပ်ကိုဦးတည်ပြီး ထိုင်းစစ်တပ်မှ လက်နက်ကြီးနှင့်ဂျက်ဖိုက်တာ အသုံးပြု တုံ့ပြန်ပစ်ခတ်လျက်ရှိသည်ဟု ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံ နယ်စပ် ပဋိပက္ခအခြေအနေ ပိုမိုဆိုးရွားလာမှုကြောင့် အဆိုပါနယ်မြေတွင် နေထိုင်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများ မိမိတို့လုံခြုံရေးအတွက် ရွှေ့ပြောင်းရှောင်ရှားကြရန်လည်း အာဆီယံဒေသတွင်းနိုင်ငံရေးအခြေအနေ စောင့်ကြည့်လေ့လာသူများက သတိပေးသည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ယခုနှစ် ဇူလိုင်လပိုင်းမှစတင်ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့် ပြဿနာ၊ နယ်စပ်နယ်မြေအငြင်းပွားမှုပြဿနာတို့ကြောင့် နှစ်ဖက်စစ်တပ်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့အပြီး လက်ရှိအချိန်ထိလည်း စစ်ရေးပဋိပက္ခများ ဆက်လက်ရှိနေသည်။