Home သတင်း ရွေးကောက်ပွဲဝင်မည့် လူ့အခွင့်အရေးလှုပ်ရှားသူ နော်အုန်းလှ နိုင်ငံရေးထောင်ချောက်မိနေသည်ဟု လေ့လာသုံးသပ်သူများ ထောက်ပြ

ရွေးကောက်ပွဲဝင်မည့် လူ့အခွင့်အရေးလှုပ်ရှားသူ နော်အုန်းလှ နိုင်ငံရေးထောင်ချောက်မိနေသည်ဟု လေ့လာသုံးသပ်သူများ ထောက်ပြ

490

နိုဝင်ဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ (UNDP) ဒုဥက္ကဋ္ဌ နော်အုန်းလှ၏ အာဏာသိမ်း စစ်အုပ်စု က ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမှုသည် နိုင်ငံရေးထောင်ချောက်ထဲ ဝင်သွားမိခြင်း ဖြစ်ကြောင်းကို ကရင်တိုင်းရင်းသားနှင့် ပါတီနိုင်ငံရေးကို လေ့လာသုံးသပ်သူများအချို့က ဝေဖန် ထောက်ပြသည်။

ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသဖြင့် ဆွီဒင်နိုင်ငံအခြေစိုက် နိုင်ငံသား အခွင့်အရေးများ ကာကွယ်ရေးလှုပ်ရှားသူများအဖွဲ့(Civil Right Defender) မှ ပေးအပ်ချီးမြှင့်သည့် ၂၀၂၀ ခုနှစ် ဆုရှင် နော်အုန်းလှသည် စစ်အုပ်စုထိန်းချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာတွင် ယမန်နေ့က ရွေးကောက်ပွဲနှင့် ပတ်သက်၍ဟောပြောမဲဆွယ်ခြင်းအစီအစဥ်၌ ပါဝင်လာခဲ့အပြီး ဝေဖန်ခံနေရခြင်းဖြစ်သည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအဖြစ် လူသိများသည့်အပြင် မြေယာနှင့်အမျိုးသမီးအရေး လှုပ်ရှားသဖြင့် ၂၀၁၉ ခုနှစ်တွင် ကရင်အရပ်ဖက်အဖွဲ့အစည်းများထံမှ ကရင်အမျိုးသမီးသတ္တိရှင်ဆု ပေးအပ်ချီးမြှင့် ခြင်းခံရဖူး သူ နော်အုန်းလှသည် နှစ်ပေါင်း၂၀ ထက်မနည်း နိုင်ငံရေးလမ်းကြောင်းပေါ် ရပ်တည်ခဲ့သူလည်းဖြစ်သည်။

ထိုသို့ နိုင်ငံရေးဖြတ်သန်းမှုကာလနှင့်သမိုင်းကြောင်း အများအပြားရှိခဲ့ပြီးမှ တော်လှန်ရေး အင်အားစုနှင့်ပြည် သူအများစု ယုံကြည်ထောက်ခံမှုမရသော စစ်အုပ်စုရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့်အပေါ် မိမိကိုယ်ကို မေးခွန်းထုတ်သင့်သည်ဟု တိုင်းရင်းသားအရေးနှင့်နိုင်ငံရေး သုံးသပ်သူ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောသည်။

“နော်အုန်းလှအနေနဲ့ ဒီအချိန်ဒီကာလအထိ နိုင်ငံရေးဖြတ်သန်းမှုတွေရှိတဲ့အခါကျတော့ စစ်အုပ်စု လုပ်တဲ့ရွေး ကောက်ပွဲက နိုင်ငံရေးထောင်ချောက်လား၊ စစ်အုပ်စုရဲ့ထွက်ပေါက်တစ်ခုလား ဆိုတာပြန်ပြီး သုံးသပ်စေချင်တယ်။ နိုင်ငံရေးထွက်ပေါက်ဖြစ်ခဲ့မယ်ဆိုရင် ကရင်လူမျိုးတစ်ယောက်အနေနဲ့ ဘာလို့အသုံးချခံဖြစ်ရလဲဆိုတာ ပြန်ပြီးမေးခွန်းထုတ်သင့်ပါတယ်။” ဟု စောဘဦးလေးက ပြောသည်။

နိုင်ငံရေးတက်ကြွမှုကြောင့် ထောင်ဒဏ်အကြိမ်ကြိမ်ချမှတ်ခံရပြီး ထောင်သက်တမ်းနှစ်ချီ အတွေ့အကြုံရှိဖူးသူ နော်အုန်းလှသည် ၁၉၈၈ ခုနှစ်အရေးတော်ပုံတွင်ပါဝင်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီအဖွဲ့ ဝင်လည်း ဖြစ်ခဲ့ဖူးသည်။ ၂၀၀၅ ခုနှစ်က ပါတီဝင်အဖြစ်မှထုတ်ပယ်ခံရအပြီး ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသမီးအရေး လှုပ်ရှားသော အရပ်ဖက်အဖွဲ့အချို့တွင် ပါဝင်လှုပ်ရှားခဲ့သည်။

ပြည်တွင်းကရင်အမျိုးသမီးအစည်းအရုံး-KWU ဥက္ကဋ္ဌအနေဖြင့် နော်အုန်းလှပါဝင်ဦးဆောင်ပြုလုပ်သော ပြီးခဲ့သည့်၂၀၁၉ ခုနှစ်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှိ ကရင့်အာဇာနည်နေ့အခမ်းအနားကြောင့် ကရင်လူငယ်နှစ်ဦးနှင့်အတူ မြန်မာအစိုးရ၏ တရားစွဲဆိုဖမ်းဆီးမှုပါ ခံခဲ့ရသလို ကရင်လူထုထောက်ခံမှုအများအပြား ရရှိထားသူလည်းဖြစ်သည်။

ထိုစဥ်က သူမနှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံရဖူးပြီး လက်ရှိ ကရင်တိုင်းရင်းသားအရေး၊ နိုင်ငံရေး လေ့လာ သုံးသပ်နေသူ စောအဲလ်ဘတ်ချိုက“ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီအထဲမှာပဲ သူပိတ်လှောင်ခံရတယ်။ လှုပ်ရှားဖို့လမ်းကြောင်းက ဒီတစ်ခုတည်းရှိတယ်လို့ယူဆပြီး ရွေးကောက်ပွဲဝင်တာလည်း ဖြစ်နိုင်တယ်။ အာဏာသိမ်းပြီးနောက်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တဲ့အခြေအနေမျိုး မရှိဘူး။ အဲဒီအခါကျတော့ သူရွေးကောက်ပွဲဝင်မှ လွတ်လပ်စွာလုပ်နိုင်မယ်လို့ထင်နေလားတော့ မပြောတတ်ဘူးပေါ့” ဟု စောအဲလ်ဘတ်ချိုက ပြောသည်။

သို့သော် လက်ရှိနိုင်ငံရေးအခင်းအကျင်းသည် စစ်အုပ်စုအုပ်ချုပ်မှုအောက်၌ရှိနေသဖြင့် ရွေးကောက်ပွဲ ဝင်သော် လည်း သေချာသည့်ပြောင်းလဲမှုရှိနိုက်မှာ မဟုတ်သလို စစ်အုပ်စုကိုထောက်ခံရာရောက်သော လုပ်ရပ်ကြောင့် လူအများဝေဖန်မှုခံရမည်မှာ ဧကန်ဖြစ်ကြောင်း စောအဲလ်ဘတ်ချိုက ဖြည့်စွက်ပြောသည်။

၎င်းက ဆက်လက်၍ “ဝေဖန်တာတော့ခံရမှာပဲ အများစုက စစ်ကောင်စီကိုနာကျည်းမုန်းတီးနေတဲ့အချိန်မှာ ရွေးကောက်ပွဲကို ကိုယ်ကဝင်ပါလိုက်တာက သူ့ရဲ့ယန္တရားလည်ပတ်မှုကို လိုက်လျောပေးနေသလိုမျိုးဖြစ်နေတာ။ ကျနော်ဆိုလည်း မဖြစ်သင့်ဘူးလို့မြင်တယ်။ ဒါပေမဲ့အတွင်းနဲ့အပြင် အမြင်ကတော့ အမျိုးမျိုးရှိမှာပေါ့။ အတွင်းထဲမှာနေတဲ့သူတွေက ဘယ်လိုအခက်အခဲတွေခံစားရသလဲ ကျနော်တို့အပြင်မှာနေတဲ့သူက ဘယ်လိုကြပ်တည်းမှုရှိနေသလဲ ကွဲလွဲမှုတော့ရှိမှာပေါ့” ဟု ပြောသည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းတွင် စစ်အုပ်စုကရွေးကောက်ပွဲကို အပိုင်း လိုက်ခွဲပြီး မြို့နယ်ပေါင်း၂၀၀ ရာကျော်မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်သည်။ တစ်နိုင်ငံလုံးအနေဖြင့် ဝင်ရောက်ယှဥ်ပြိုင်မည့် ပါတီ(၆)ခုနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်တွင် ဝင်ပြိုင်မည့်ပါတီ (၅၁)ပါတီ၊ စုစုပေါင်း(၅၇)ပါတီ ရှိသည်ဟု စစ်အုပ်စက ထုတ်ပြန်ထားသည်။