Home သတင်း မင်းလက်ပံရွာဘက်ရှိ DKBA လုံခြုံရေးယူထားသည့် ငွေလိမ်ခြံဝင်းများကို လေကြောင်းဖြင့် စစ်အုပ်စုဗုံးကြဲနေ

မင်းလက်ပံရွာဘက်ရှိ DKBA လုံခြုံရေးယူထားသည့် ငွေလိမ်ခြံဝင်းများကို လေကြောင်းဖြင့် စစ်အုပ်စုဗုံးကြဲနေ

482
Photo: CJ

နိုဝင်ဘာ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်၊ လေးကေကော်ဒေသ၊ မင်းလက်ပံ ကျေးရွာလမ်းပိုင်းရှိ DKBA တပ်ဖွဲ့ လုံခြုံရေးယူထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများရှိရာ ခြံဝင်းများကို နိုဝင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး အဆောက်အဦးထိမှန်ပျက်စီးမှုများရှိကြောင်း တော်လှန်ရေး တပ်ဖွဲ့သ တင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက်နေ့က မင်းလက်ပံဘက်သို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စုကို ပစ်ကူတိုက်ခိုက် ပေးသည့်ကိစ္စနှင့်ဆက်စပ်ပြီး ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် -DKBA လုံခြုံရေးယူထားသည့် ကျားဖြန့်ခြံဝင်းတစ်ခုကို KNLA မဟာမိတ်တပ်များက ဝင်ရောက်ထိန်းချုပ်ခဲ့သည်။

ထိုနောက် စက်တင်ဘာ(၂၅)ရက်နေ့မှစတင်ကာ မင်းလက်ပံရှိ ထန်းသုံးပင်ဟု ခေါ်ဆိုသည့် ငွေလိမ်ခြံဝင်းများရှိရာသို့ စစ်အုပ်စုလေတပ်က လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုင်မှုများ လာဆောင်လာနေခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

“သခွားသီးရုံကို KNLA ဝင်စီးပြီး နောက်ရက်ကစလို့ စစ်တပ်က ကာမီကာဇေဒရုန်းတွေချတယ်၊ ၂၅ ရက်ကနေ အခု ဒီနေ့ ၁၁ နာရီလောက်အထိ လေယာဉ်ကြဲတာ၊ ဂျက်ဖိုက်တာလည်း ပါတယ်။ DKBA ကျားဖျန့်ရုံ တွေကိုဖျက်နေတာ၊ လူတွေ ပြောင်းနေကုန်ပြီဆိုတော့ အထိအခိုက်မရှိဘူး။” ဟု မင်းလက်ပံရွာအနီးဝန်းကျင်တွင် ရှိနေသူက ပြောသည်။

ထို့အပြင် စစ်အုပ်စု၏ ခြေလျင်တပ်ရင်း ခလရ-၂၇၅ မှလည်း အတွဲလိုက်ပစ်ဒုံးကျည် (မစ်ဇိုင်း)များနှင့် လက်နက်ကြီးများကို မင်းလက်ပံနှင့် မယ့်ဝါးခီးဘက်သို့ ပစ်ခတ်နေကြောင်း သိရသည်။

မင်းလက်ပံအပြင် ဖလူး‌ကြီး၊ ဖလူးလေး ကျေးရွာများဘက်တွင်လည်း ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်း စစ်ကြောင်းများမှ နေရာသုံးခုခွဲပြီး စစ်ကြောင်းထိုးလာသော စစ်အုပ်စုကို ပိတ်ဆို့တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်းလည်း ပူးပေါင်းတပ်တို့က ဆိုသည်။

Photo: CJ

KNLA မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက “မယ်ဝါးခီး၊ မင်းလက်ပံနဲ့ လေးကေကော်အထက် ကျော်ဝါးဘိုး တောင်ကြော မှာထိုးနေတာ။ အကုန် မိုင်းကွင်းထဲရောက်နေပြီး ပိတ်မိနေကြတော့ လေကြောင်းရော မစ်ဇိုင်းပစ်ကူတွေရော ပစ်ခိုင်းပြီး ဖောက်ထွက်မလို့၊ မြဝတီ ၂၇၅ကနေ လက်နက်ကြီးတွေရေ အခုထိပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုအထိနာသော်လည်း မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ဖလူးကြီး၊ ဖလူးလေး၊ ထီးမယ်ဝါးခီး၊ ပဟိက‌လော်ကျေးရွာတို့ရှိ ဒေသခံ နှစ်ထောင်ကျော်မှာ ပလော့တပို့ စစ်ရှောင်စခန်း၊‌ သောင်ရင်းမြစ် ဘေးရှိ ဆယ်ဘတ်ဂိတ်၊ ငါးဘတ်ဂိတ်နှင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မင်းလက်ပံရေပေါ်ဈေး သောင်ပင်နေရာများတွင် ယာယီ စစ်ဘေး ရှောင်နေရကြောင်း စစ်ဘေးရှောင်နှင့်မဟာမိတ်တပ်တို့၏ ပြောဆိုမှုအရ သိရသည်။

သောင်ရင်းမြစ်ကိုဖြတ်ကူး၍ ထိုင်းနိုင်ငံ မဲ့ကိုကင်း ကျေးရွာဘက်သို့ ရှောင်တိမ်းခဲ့သည့် စစ်ဘေးရှောင် ၂၀၀ ဝန်း ကျင်ကိုမူ ထိုင်းအာဏာပိုင်အဖွဲ့အစည်းများက မဲ့ကိုကင်း နွားခြံစု၊ ခြံဝင်းများအတွင်း ယာယီစောင့်ရှောက် ပေးထားကြောင်း နယ်စပ်သတင်းအရင်းအမြစ်က ဆိုသည်။

ကေအဲန်ယူ၏ နိုဝင်ဘာ(၂၅)ရက်နေ့ ထုတ်ပြန်ချက်အရ ၎င်းတို့ဝင်ရောက်ထိန်းချုပ်ထားသော အဆိုပါ ကျားဖြန့်ခြံဝင်းအတွင်း လုပ်ကိုင်နေသူထောင်နှင့်ချီကို အချက်အလက်မှတ်တမ်းတင်ခြင်းအပြင် သက်သေခံပစ္စည်း စစ်ဆေးစုဆောင်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်အုပ်စုဘက်ကလည်း ကေအဲန်ယူ၏လုပ်ရပ်သည် ဟန်ပြသာဖြစ်၍ မင်းလက်ပံကျားဖြန့်နေရာများရှိ ၎င်းတို့ ထိန်းသိမ်းထားသူအချို့ကို နှုတ်ပိတ်ခြင်း၊ သက်သေဖျောက်ဖျက်ခြင်းတို့ လုပ်ဆောင်နေသည်ဟု ယမန်နေ့တွင် နိုင်ငံပိုင်စစ်တပ်ထိန်းချုပ်ထားသော ရုပ်သံလိုင်းက စွပ်စွဲပြောဆိုထားသည်။

တဖက်တွင်မူ နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်သည့် KK Park ခြံဝင်းကို စစ်အုပ်စုက ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သလို ရွှေကုက္ကိုလ်ကျားဖြန့်အဆောက်အဦးများမှ ရရှိသည့် သက်သေခံပစ္စည်းများကိုလည်း ဥပဒေအရဟုဆိုကာ လူသိရှင်ကြား ဖျက်ဆီးပစ်လိုက်သေးသည်။