Home သတင်း ဖလူး–ဝေါလေ–စုကလိ လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ သွားလာမှု DKBA ကန့်သတ်

ဖလူး–ဝေါလေ–စုကလိ လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ သွားလာမှု DKBA ကန့်သတ်

437
Photo: Cobra

နိုဝင်ဘာ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ပိုင်းရှိ ဖလူးလေး-ဝေါလေ-စုကလိလမ်းပိုင်းတစ်လျှောက်ကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို ခွင့်ပြုချက်မရှိဘဲ မသွားလာရန် ယနေ့ နိုဝင်ဘာ(၂၆)ရက်နေ့ရက်စွဲဖြင့် DKBA က အသိပေးထုတ်ပြန်လိုက်သည်။

တပ်ဖွဲ့၏လုံခြုံရေးအတွက် အဆိုပါ လမ်းပိုင်း သွားလာအသုံးပြုမှုကို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း DKBA အဖွဲ့ပြောခွင့်ရ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက ယခုလို ပြောသည်။

“ကျနော်တို့နယ်မြေထဲမှာ လက်နက်ကိုင်စုံတယ်လေ။ အရင်ကတော့ ဘယ်အဖွဲ့ မဆိုနားလည်မှုနဲ့သွားလာကြတယ်။ အဲဒီလိုသွားလာတာက ကျနော်တို့ကိုသူများအခွင့်အရေးယူသွားတယ်။ နောက်ပိုင်း ဒါမျိုးမဖြစ်ရအောင်နဲ့ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လမ်းအသွားအလာတင်းကျပ်လိုက်တာပါ။” ဟု ဗိုလ်မှူးကြီး စောစိန်ဝင်းကပြောသည်။

အရေးပေါ်သွားလာရန် လိုအပ်လာပါက DKBA အဖွဲ့ထံ ကြိုတင်သတင်းပေးပို့ရမည်ဖြစ်သလို ခွင့်ပြုချက်ရမှာသာသွားလာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် တပါတည်းအသိပေးထားသည်။

မြဝတီတောင်ဘက်ပိုင်းရှိ ကျေးရွာအချို့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဒူးပလာယာခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း ပါဝင်ပြီး KNLA တပ်များလည်း လှုပ်ရှားသွားလာမှုရှိသည်။ ထို့အပြင် ကရင်နယ်ခြားစောင့်တပ်-BGF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များအပြင် စစ်အုပ်စုတပ်ဖွဲ့များလည်း လှုပ်ရှားသွားလာကြသည့် နယ်မြေဖြစ်သည်။

Photo: CJ (ပုံဟောင်း)

DKBA ကလမ်းပိုင်းကန့်သတ်လိုက်သည့်ကိစ္စတွင် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအကျုံးဝင်ပြီး ဒေသခံပြည်သူများကမူ ပုံမှန်အတိုင်းသွားလာ၍ ရကြောင်း သိရသည်။

ယခုလိုကန့်သတ်မှုမလုပ်ခင် ပြီးခဲ့သည့် နိုဝင်ဘာ(၂၁)ရက်နေ့က DKBA ထိန်းချုပ်ထားသည့် မင်းလက်ပံ၌ စစ်အုပ် စုနှင့်KNLAတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲ၌ စစ်အုပ်စုဘက်မှ DKBA ဗိုလ်မှူးကြီးနိုင်လွင်အဖွဲ့က သေနတ်ပစ်ဖောက်ပစ်ကူပေးခဲ့ခြင်းကြောင့် ကရင့်လက်နက်ကိုင်အချင်းချင်းကြား ပွတ်တိုက်မှုအနည်းငယ်ဖြစ်ပွားခဲ့သည်။

ယင်းကိစ္စနှင့်ဆက်စပ်၍ DKBA လုံခြုံရေးယူပေးနေသည့် အွန်လိုင်းငွေလိမ်ခြံဝင်းကို KNLA ထိန်းချုပ်လိုက်ပြီး တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကိုလည်း ယနေ့အထိ ထိန်းသိမ်းထားသည်ဟု KNU ကဆိုသည်။

ထိုကိစ္စပြီးနောက် နိုဝင်ဘာ(၂၄)ရက်နေ့တွင် DKBA က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြားသားသယ်ဆောင်သူ မည်သည့်လက်နက်ကိုင်အဖွဲ့စည်းမဆို အရေးယူခံရမည်ဟု သတိပေးစာထုတ်ပြန်ခဲ့သည်။

DKBA နှင့်အဖွဲ့တာဝန်ရှိသူ ခေါင်းဆောင်(၄)ဦးအနေဖြင့်လည်း ထိုင်း-မြန်မာနယ်စပ်ဒေသတွင် အွန်လိုင်းငွေ လိမ်ရာဇဝတ်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသဖြင့်ဟု အမေရိကန်ဘဏ္ဍာရေးဘက်ကလည်း အရေးယူပိတ်ဆို့မှုခံထားရသည်။