Home သတင်း ကရင်လူငယ်အဆိုတော် Happy Poe မတော်တဆမှုဖြင့် ကွယ်လွန်

ကရင်လူငယ်အဆိုတော် Happy Poe မတော်တဆမှုဖြင့် ကွယ်လွန်

380

နိုဝင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်လူငယ်များအကြား အောင်မြင်ကျော်ကြားနေသည့် လူငယ်အဆိုတော် အသက် ၂၈ နှစ်အရွယ် Happy Poe သည် မတော်တဆမှုတစ်ခုဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်လ မတ်ကျေးရွာအနီး ရေကန်တစ်ခု၌ အဖော်များနှင့်အတူ သွားရောက်ငါးဖမ်းစဉ် မတော်တဆဖြစ်ပြီး ကွယ်လွန်သွားခြင်းဖြစ်သည်။

မိသားစုဝင်တစ်ဦးက “ မနေ့ညတုန်းက မိုးကလည်း ရွာ။ သူတို့ ငါးဆင်းရှာကြတယ်။ သူရှာကိုယ်ရှာဆိုတော့ တစ်‌ယောက်နဲ့တစ်‌ယောက် သတိမထားမိအားကြဘူး။ အစတချက်တလေလောက်က သူပေါ်လာပြီးတော့ နောက်ခဏအကြာ မတွေ့မိတော့ဘူး။ အဲ့လိုနဲ့ လိုက်ရှာကြည့်လိုက်တဲ့အချိန်မှာ မြက်တွေ ချုံတွေ အောက်မှာ ပြန်တွေ့တာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် သက်ဆိုင်ရာ ဒေသခံနှင့် တာဝန်ရှိသူများက မယ်ရမတ်ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်လိုက်သော်လည်း အသက်ကယ်ဆယ်ရေး ဆောင်ရွက်မှု မအောင်မြင်တော့ကြောင်း ၎င်းမိသားစုဝင် ဖြစ်သူက ဖြည့်စွက်ပြောသည်။

ယခုလို အရွယ်ငယ်ငယ်ဖြင့် အဆိုတော် Happy Poe ၏ ရုတ်တရက် ကွယ်လွန်သွားသည့်အပေါ် မိသားစု မောင်နှမ၊ ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်များအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သလို ကရင်အနုပညာများအတွက်ပါ ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု ၎င်း၏ မိတ်ဆွေများထံမှ သိရသည်။

“သူ့ကို ဆုံးရှုံးလိုက်ရတာ အတိုင်းထက်လွန် ဝမ်းနည်းမိပါတယ်။ သူ့မိတ်ဆွေတွေအပေါ် အရမ်း စိတ်ကောင်း တဲ့သူတစ်ယောက်ဖြစ်တယ်။ မိသားစုကို အရမ်းချစ်ပြီးတော့ ပြီးပြည့်စုံအောင်ထားတယ်။ ကျနော်တို့တွေအတွက် စံပြကောင်းတစ်ယောက်ဖြစ်တယ်ပေါ့နော်” ဟု နီးစပ်သည့် မိတ်ဆွေတစ်ဦးက ပြောသည်။

Happy Poe ၏ ရုပ်အလောင်းကို ၎င်း၏ ဇာတိရှိရာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကော့ဝန်းရွာသို့ ပြန်လည်သယ်ဆောင်လာပြီး ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

Happy Poe သည် ကရင်လူငယ်များကြား လူသိများသော အဆိုတော်တစ်ဦး ဖြစ်သည်။ ကရင်သီချင်း အမြောက်အများလည်း ထုတ်လုပ်သီဆိုခဲ့ကာ ပရိသတ်အခိုင်အမာ ရရှိသည့် အဆိုတော်တစ်ဦးလည်း ဖြစ်သည်။ သူသည် လှိုင်းဘွဲမြို့နယ် ဇာတိဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးနှင့် သားတစ်ဦး၊ သမီးတစ်ဦးကျန်ရှိခဲ့သည်ဟု သိရသည်။