Home သတင်း PC တပ်ဖွဲ့ဝင်များက ကျားဖြန့်တရုတ်များကို ခေါ်လာ၍ လက်မခံရန် ကေအဲန်ယူ ဒေသန္တရ အမိန့်ထုတ်

PC တပ်ဖွဲ့ဝင်များက ကျားဖြန့်တရုတ်များကို ခေါ်လာ၍ လက်မခံရန် ကေအဲန်ယူ ဒေသန္တရ အမိန့်ထုတ်

541

နိုဝင်ဘာ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) နယ်မြေ၊ ကျုံဒိုးမြို့နယ်ထဲသို့ ငြိမ်းချမ်းရေးကောင်စီ (PC) က ကျားဖြန့်တရုတ်များကို ထို့ကော်ကိုး လမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်လာ၍ လက်မခံရန် ကေအဲန်ယူက ဒေသန္တရ အမိန့်ထုတ်ပြန်လိုက်သည်။

မြဝတီရှိ ကျားဖြန့်လုပ်ငန်းမှ စွန့်ခွာလာသူ တရုတ်နွယ်ဝင်များကို ကျုံဒိုးမြို့နယ်ထဲသို့ ခေါ်ဆောင်လာခြင်းသည် အခြေအနေရှုပ်ထွေး လာနိုင်သည့်အတွက် ယခုလို ဒေသန္တရအမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဒူးပလာယာခရိုင်၊ ဥက္ကဌ ပဒိုလစ်စတန်က ပြောသည်။

“ ထို့ကော်ကိုးဘက်က PC တွေက တရုတ်တွေကိုခေါ်လာပြီး ကျုံဒိုးမြို့နယ်ထဲကို လာပို့တယ်။ အဲဒီဘက်က ပိတ်ထားတဲ့လမ်းကြောင်းကနေ ပို့လာတော့ စိုးရိမ်စရာရှိတယ်။ ဒေသခံအခြေအနေတွေ ရှုပ်ထွေးကုန်မှာ စိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြဝတီဘက်မှာကြပ်‌တော့ ဒီဘက်လွင့်ထုတ်တယ်လို့ ယူဆရတယ်။ ဒါကြောင့် တပ်မဟာ ကို အသိပေးပြီး ဗဟိုကို တင်ပြတယ်။ အဲဒါဆိုရင် စိုးရိမ်စရာဖြစ်ရင် ဒေသန္တရစည်းကမ်းချက်ထုတ်ဖို့ ညွှန် ကြားလာတော့ ထုတ်ပြန်လိုက်တာ ဖြစ်တယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကျုံဒိုးတွင် စစ်ရေးတင်မာနေပြီး ပြည်သူများသည်လည်း စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံနေရချိန်ဖြစ်၍ ရှုပ်ထွေးမှုများစွာ ရှိသည့် မြို့ဖြစ်သည်။

ထို့အပြင်လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြပ်အတည်းနှင့် နယ်မြေမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ လောင်းကစား လုပ်ငန်းများ ဒေသတွင်း၌ ဖွင့်လှစ်ခြင်း မပြုရန် ထုတ်ပြန်စာ၌ သတိပေးထားသည်။

ယခုလို အခြေအနေများကြောင့် ကျုံဒိုးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်း မပြုရန် ဒေသန္တရစည်းကမ်း အရေးပေါ်ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။

လက်ရှိ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းအနီးဝန်းကျင်တွင် စစ်ရေးတင်းမာနေပြီး ခရုံဂူနှင့် ချောင်းနှစ်ခွလမ်းပိုင်း တွင်လည်း စစ်အုပ်စုက အင်အားဖြည့်တင်းနေ၍ ဒေသခံများ သတိနှင့် နေထိုင်နေရပြီး စစ်အုပ်စု စစ်ကြောင်းထိုး စဉ် ပြည်သူများကို ဖမ်းဆီး ရိုက်နှက်မှုများလည်း ရှိနေသည်ဟု သိရသည်။