Home သတင်း ရေဖြူ ရာဖူးရွာတွင် တိုက်ပွဲ ဖြစ်ပွား ဒေသခံများ ထွက်ပြေး

ရေဖြူ ရာဖူးရွာတွင် တိုက်ပွဲ ဖြစ်ပွား ဒေသခံများ ထွက်ပြေး

497
Photo: Social Media

နိုဝင်ဘာ ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာတွင် စစ်တပ်က နိုဝင်ဘာ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာ၍ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦး ကပြောသည်။

အင်အား ၆၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို ဒေသတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ပူးပေါင်းတပ်များနှင့် နိုဝင်ဘာ ၂၄ ရက်၊ နံနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံ တစ်ဦး က ယခုလို ပြောသည်။

“စစ်ကြောင်းက ရုတ်တရက်ဝင်လာတော့ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ သဘောပါ။ ထိခိုက်မှုတွေက ရှိနိုင်ပေမယ့် အတိအကျတော့ မသိရသေးပါဘူး။ စစ်တပ်ဘက်က အင်အား ၆၀ ဝန်းကျင် လောက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေ၍ ရာဖူး ကျေးရွာ အပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။

“မနေ့မနက်ပိုင်းက တိုက်ပွဲစဖြစ်တာ တချို့တွေကျတော့ လက်နက်ကြီးသံ ကြားတာနဲ့ကြောက်ပြီး ပြေးတာ များတယ်။ ဒေသခံ အထိအခိုက်ကတော့ သိရသလောက်ဆို မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း စစ်အုပ်စုတပ် စစ်ကြောင်းမှ ပြန်ဆုတ်သွားခြင်းမရှိဘဲ နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း သိရသည်။