Home သတင်း မင်းလက်ပံဒေသက ကျားဖြန့်စင်တာ(အွန်လိုင်းငွေလိမ်လုပ်ငန်း)များ၏ နောက်ဆုံးအခြေအနေ မြင်ကွင်းအချို့ (ဓါတ်ပုံသတင်း)

မင်းလက်ပံဒေသက ကျားဖြန့်စင်တာ(အွန်လိုင်းငွေလိမ်လုပ်ငန်း)များ၏ နောက်ဆုံးအခြေအနေ မြင်ကွင်းအချို့ (ဓါတ်ပုံသတင်း)

442

နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA အကာအကွယ်ပေးထားသော မင်းလက်ပံကျေးရွာရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်စင်တာကို ကရင်အမျိုးသားအစည်းအရုံး-KNU က ဝင်ရောက်စီးနင်း ထိန်းချုပ်လိုက်ပြီးနောက် လုပ်ငန်းခွင်အတွင်းရှိသူ ကျားဖြန့်လုပ်သားများကို ကေအဲန်ယူက စိစစ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ကျားဖြန့် လုပ်ငန်းဦးဆောင်လုပ်ကိုင်ကြသည့် တရုတ်နိုင်ငံသားများအပြင် အခြားသော နိုင်ငံခြား သားများနှင့် မြန်မာနိုင်ငံသားများကို လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ၊ လက်ဗွေအထောက် အထားများ နှင့် မှတ်တမ်းဓါတ်ပုံများ ရယူနေသည်ကိုလည်း တွေ့ရှိရသည်။

၎င်းအပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းကို အဓိက လုပ်ဆောင်နေသည့် Scam Center အဆောက်အဦး နှစ်လုံးရှိသည်ကို တွေ့ရှိရသည်။ ၎င်းအဆောက်အဦးထဲတွင် ငွေလိမ်လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံး ပြုသည့် ထောင်နှင့်ချီသည့် ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ ဖုန်းဆင်းကဒ်များ၊ အင်တာနက်စက်များ အပြင် အယောင်အဆောင်ရုံးခန်းများ၊ အတုဖန်တီးထားသည့် ပစ္စည်း အသုံးဆောင်များကိုလည်း တွေ့ရှိခဲ့ရသည်။

လက်ရှိ ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသားများနှင့် အခြားသော နိုင်ငံခြားသား ၆၀၀ ကျော်ခန့်ကို ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရန် ကြိုးပမ်းသော်လည်း ထိုင်း အစိုးရဘက်က တရားဝင်လက်ခံပေးခြင်းမျိုးမရှိဘဲ နားလည်မှုဖြင့်သာ လွှဲပြောင်းလက်ခံ ယူနေကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးပြီး ပြန်လွဲပြောင်းခံရသည့် တရုတ်နိုင်ငံသားအချို့သည် ထိုင်းနိုင်ငံဘက်မှ တဆင့်လွဲပြောင်းပေးခြင်းကို ငြင်းဆန်ကြပြီး ကေအဲန်ယူကို လာဘ်ငွေပေးပြီး မြန်မာပြည်တွင်းကို ပို့ဆောင်ပေးရန် ကြိုးပမ်း ခဲ့သည်ဟုလည်း လက်ရှိ ဖမ်းဆီးစစ်ဆေးမှုကို အဓိက လုပ်ဆောင်နေသူများက ဆိုသည်။

ထို့အပြင် ကေအဲန်ယူ၏ ဝင်ရောက်စီးနင်းခံရပြီးနောက် လူကုန်ကူးခံရပြီး ရောက်ရှိလာသည့် တရုတ်နိုင်ငံသားများ နှင့် မိမိဆန္ဒအလျောက် ကျားဖြန့်ကို လာရောက်လုပ်ကိုင်ကြသည့် တရုတ်နိုင်ငံ သားများအကြား အကြီးအကျယ် အပြန်အလှန် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသလို ကေအဲန်ယူရဲ့ လုံခြုံရေး တာဝန်ရှိသူများကိုပါ ရန်လိုတိုက်ခိုက်ခဲ့ကြသည်ဟုလည်း သိရှိရသည်။

လက်ရှိ ကေအဲန်ယူက ထိန်းသိမ်းရမိသူများကို စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသေးပြီး အာဏာ သိမ်း စစ်တပ်အုပ်ဘက်ကလည်း ဂျက်ဖိုက်တာ လေယာဉ်များ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ထိုနေရာ ကို လာရောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ကို ကွင်းဆင်းသတင်းရယူသည့် ကေအိုင်စီ သတင်း ထောက်များက ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။ Y 12 အမျိုးအစား လေယာဉ်ဖြင့် လာရောက်ဝဲပျံ ကင်းထောက်လှမ်းခြင်းမျိုးလည်း ပြုလုပ်လျက်ရှိသည်။ ဓါတ်ပုံ-KIC