Home သတင်း မင်းလက်ပံတွင် စစ်ရှောင်အိမ်များ ဖောက်ထွင်းခံရမှု များနေ

မင်းလက်ပံတွင် စစ်ရှောင်အိမ်များ ဖောက်ထွင်းခံရမှု များနေ

715

နိုဝင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ တောင်ဘက် မင်းလက်ပံရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ဒေသခံ နေအိမ်များ ဖောက်ထွင်းဖျက်ဆီးခံရမှု များလာသည်ဟု စစ်ရှောင်များက ပြောသည်။

တိုက်ပွဲများကြောင့် မင်းလက်ပံရွာသားများ ရွာလုံးကျွတ်ထွက်ပြေးနေချိန်တွင် ဒေသတွင်း မူးယစ်ဆေး (မြင်းဆေး) စွဲနေသူ တချို့က ထွက်မပြေးဘဲ ရွာအတွင်းရှိ နေအိမ်များကို လိုက်လံ ဖောက်ထွင်းပြီး ပစ္စည်းများ ခိုးယူနေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“စစ်ရှောင်နေရတဲ့အချိန်မှာ အိမ်က ပစ္စည်းတွေ အခိုးခံရတယ်။ သူခိုးတွေက သူများအိမ်ပေါ်တက်ပြီး ဝင်အိပ် တယ်။ ပြီးရင် သယ်လို့ရတဲ့ ပစ္စည်းတွေ ဖြုတ်ပြီးခိုးသွားတယ်။ အထူးသဖြင့်တော့ ဆေးစွဲတဲ့လူတွေက အဲလို လုပ်ကြတယ်။ ဒီဒေသမှာလဲ မြင်းဆေးသုံးသူတွေ အရမ်းများတယ်။ သူတို့က သူများပြေးရင် မပြေးဘူး။ လက်နက်ကြီး ကျမှာလဲ မကြောက်ဘူး” ဟု သူမက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မင်းလက်ပံ၊ ဖလူးတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် စစ်တပ်တို့ နိုဝင်ဘာ ၂၁ ရက်နေ့မှ စ၍ တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။ ဒေသအတွင်းရှိ ဒေသခံပြည်သူများသည် မြဝတီဘက်သို့ သွားရန် စစ်အုပ်စုက လမ်းပိတ်ထားသလို ထိုင်းဘက်ခြမ်းတွင်လည်း လုံခြုံရေးတင်းကြပ် လာသည့်အတွက် အဘက်ဘက်မှ ကြပ်တည်း လာသည်ဟု ဒေသခံများက ပြောသည်။

”အခုက ဒေသအတွင်း တိုက်ပွဲတွေ၊ လက်နက်ကြီးတွေကျတဲ့အတွက် စီးပွားရေးလုပ်ဖို့လဲ အဆင်မပြေဘူး။ တချို့ လူက ရွေးချယ်စရာလမ်းမရှိတော့ ပစ္စည်းတွေ လိုက်ခိုးပြီးရောင်းတယ်။ အဲလို တွေလည်းရှိတယ်”ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးက ဆက်ပြောသည်။

ယခုလိုတိုက်ပွဲ များကြောင့် မင်းလက်ပံ၊ လေးကေကော်၊ အင်ကြင်းမြိုင်၊ ရသေ့ဂူ၊ ဖလူးအပါအဝင် ထိုကျေးရွာရှိ ဒေသခံပြည်သူများ တစ်ဖက်ထိုင်းနိုင်ဘက်သို့ သွားရောက်တိမ်းရှောင်နေကြရသလို အချို့ မြန်မာဘက်ခြမ်းရှိ သောင်ရင်းမြစ်ဘေးတွင် တဲထိုးပြီး တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ထို့အပြင် တိုက်ပွဲများကြောင့် လက်နက်ကြီးများ ကျရောက်နေသည့်အတွက် နေအိမ်အများအပြား ပျက်ဆီး နေသလို ဖောက်ထွင်းခိုးယူခံရမှုများလာ၍ ဒေသခံတို့ စစ်ရှောင်ချိန် လယ်ထွန်စက်၊ မီးစက်နှင့် ဆိုလာပြား စသည်တို့ကို နိုင်သလောက် ယူဆောင်သွားရသည်ဟု သိရသည်။