Home သတင်း သံလွင်မြစ်ရေ သုံးစွဲရန်မသင့်ဟု ထိုင်းအာဏာပိုင်များ သတိပေး

သံလွင်မြစ်ရေ သုံးစွဲရန်မသင့်ဟု ထိုင်းအာဏာပိုင်များ သတိပေး

386
Photo: CJ

နိုဝင်ဘာ ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အရှေ့တောင်အာရှ၌ ဒုတိယ အရှည်ဆုံးမြစ်ဖြစ်ပြီး ထိုင်း-မြန်မာ နယ်နိမိတ်အဖြစ် ကီလိုမီတာ ၁၂၀ ခန့် ဖြတ်သန်းစီးဆင်းနေသည့် သံလွင်မြစ်ရေသည် သုတေသန စစ်တမ်းအရ ရေအဆိပ်သင့်မှု မြင့်မားကာ သုံးစွဲရန် မသင့်ဟု ထိုင်း အာဏာပိုင်များက သတိပေးချက်ထုတ်ပြန် လိုက်သည်။

အောက်တိုဘာ နောက်ဆုံးပတ်ထဲတွင် မယ်ဟောင်ဆောင်ခရိုင် သော်လယ်ထနှင့် မယ်ခါးထာအနီးဝန်းကျင် နေရာရှိသံလွင်မြစ် ရေများကို ချင်းမိုင်တက္ကသိုလ်မှ သုတေသန စမ်းသပ်တွေ့ရှိချက်အရ သံလွင်မြစ်ရေသည် Arsenic အဆိပ်သတ်မှတ်ထားချက် ကျော်လွန်သည်ကို တွေ့ရှိသလို ထိုင်းအာဏာပိုင်ဘက်မှလည်း နိုဝင်ဘာလထဲတွင် ထပ်မံစစ်ဆေးကာ Arsenic အဆိပ် မြင့်သည်ကိုတွေ့ရှိသည်ဟု သိရသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဥက္ကဌ စောပေါလ်စိန်ထွားက “ရေအဆိပ်သင့် Levelက မြင့်တဲ့အထဲမှာပါတယ်။ အခုက အဆိပ်က Level ၅ လောက်မြင့်တယ်။ ဖြစ်နိုင်ရင် သောက်သုံးရေအတွက်ဖြစ်စေ၊ စိုက်ပျိုးရေးအတွက် သုံးသည် ဖြစ်စေ ရှောင်ပေးစေချင်ပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့လဲ တိုင်ပင်စေချင် ပါတယ်။ အခုက ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာ သက်ဆိုင်ရာကျန်းမာရေးဘက်ကတော့ တရားဝင်ထုတ်ပြန် လာတာတော့ မရှိသေးဘူးဆိုတော့ ထုတ်ပြန်တာကိုစောင့်ကြည့်စေချင်တယ်။ အဲဒီမှာရှိတဲ့ငါးတွေဆိုရင်လဲ စားချင်ရင် အသားဘဲစားပါ ခေါင်းတို့ အူတို့ အသဲတို့က မစားတာအကောင်းဆုံးဘဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ အချိန်တွင် သက်ဆိုင်ရာ ကျမ်းမာရေးဌာနများက သံလွင်မြစ်ရေကို သောက်သုံးရန် မသင့်ကြောင်း တရာဝင်ထုတ်ပြန်ထားခြင်း မရှိသေးဟု သိရသည်။

ကမ္ဘာ့ကျမ်းမာရေး အဖွဲ့ (WHO) က Arsenicအဆိပ်ရှိသည့် ရေကို သောက်သုံးရန် မသင့်ဟု ပြောဆိုထားပြီး ရေရှည် သောက်သုံးမိပါက အချိန်တိုအတွင်း အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ ခြေတုံလက်တုံ ဖြစ်ခြင်း၊ ကြွက်တက် ခြင်း ဖြစ်နိုင်သည့်အပြင် အဆိုးဆုံး ကင်ဆာရောဂါများလည်းဖြစ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

သံလွင်မြစ်ရေ Arsenic အဆိပ်တွေ့ရှိသည့်နေရာသည် ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင်ခရိုင် သောလယ်ထနှင့် မယ်ခါးထာ အနီးဝန်းကျင်နေရာ ဖြစ်ပြီး ထိုင်းနှင့် ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ(၅) နယ်နမိတ် အတွင်းဖြစ်သည်ဟု သိရသည်။

သံလွင်မြစ်သည် တရုတ်နိုင်ငံ ဟိမဝန္တာတောင်တန်း တိဘက်ဒေသတွင် မြစ်ဖြားခံပြီး ယူနန်ပြည်နယ်တောင်တန်း ဒေသ၊မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို လည်းကောင်း၊ ထိုင်း-မြန်မာ နယ်နိမိတ် အဖြစ် ကီလိုမီတာ ၁၂၀ ကျော်ကို ဆက်စီးဆင်းကာ မော်လမြိုင်မြို့အနီး မုတ္တမ ပင်လယ် ကွေ့မှ ဘင်္ဂလား ပင်လယ်အော် (အက်ဒမန်ပင်လယ်) အတွင်းသို့ စီးဝင်ပြီး စုစုပေါင်း အရှည် ၁၇၄၉ မိုင် (၂,၈၁၅ ကီလိုမီတာ) ရှိသော်လည်း မြန်မာနိုင်ငံအတွင်း မိုင် ၆၅၀ ဖြတ်သန်းစီးဆင်သွားသည့် မြစ်ဖြစ်သည်။

သံလွင်မြစ်သည် အရှေ့တောင်အာရှ၌ မဲခေါင်မြစ်ပြီးလျင် ဒုတိယ အရှည်ဆုံးမြစ်ဖြစ်ကြောင်း သိရသည်။