နိုဝင်ဘာ ၄ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ လောင်းလုံးမြိုနယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ် ကို တော်လှန်ရေးတပ်များက ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦး သေဆုံးသွားသည်ဟု ထား၀ယ် ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တိုတွင် အင်အား ၇၄ ဦးခန့်ဖြင့် လောင်းလုံး မြို့နယ် ကရင်ကြီးကျေးရွာနှင့် ကမ်းပနီကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲများက ဖြတ်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ယခုလို ပြောသည်။
“စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေကို မျက်မြင်တွေ့ရှိချက်တွေအရသိရတာပါ။ လက်ရှိမှာတော့ စစ်ရေးအရတင်းမာမှုတွေတော့ ရှိနေတုန်းပါဘဲ။ အခု စစ်တပ် စစ်ကြောင်းကတော့ လောင်းလုံးမြို့ ပေါ်ကို ရောက်ရှိသွားပြီးလို့ သိရပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တိုက်ခိုက်မှု ၂ ကြိမ် အတွင်း စစ်အုပ်စုတပ်ဘက်မှ ၈ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နှစ်ဖက် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ လက်နက်ကြီး ပစ်ကူ အပါအဝင် စစ်သင်္ဘောများကလည်း ပစ်ကူပေး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စု စစ်ကြောင်းအနေဖြင့် ကမ်းပနီကျေးရွာကို စစ်ကြောင်း ထိုးဝင်ရောက်ပြီး ကမ်းပနီကျေးရွာနှင့် ပညစ်ကျေးရွာကြားရှိ ဘုရားတောင်တွင် တပ်စွဲထားချိန် တော်လှန်ရေး တပ်ဖွဲများကလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဒူရကစစ်ကြောင်း ၊ ရာမညမွန်တပ်တော် (R.M.A) နှင့် လောင်းလုံး ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။



















