Home သတင်း မယ်လစခန်းမှာ တစ်လအတွင်း ဆွဲကြိုးချသေဆုံးသူ ၅ ဦးအထိရှိနေ

မယ်လစခန်းမှာ တစ်လအတွင်း ဆွဲကြိုးချသေဆုံးသူ ၅ ဦးအထိရှိနေ

442
Photo- CJ

နိုဝင်ဘာ ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ တစ်လအတွင်း မိမိကိုယ်ကိုယ်သေကြောင်းကြံကာ ဆွဲကြိုးချသေဆုံးသူ ၅ ဦးအထိ ရှိနေ သည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယခုလို မိမိကိုယ့် မိမိ သတ်သေသူများထဲတွင် အသက် ၆၀ ကျော်အရွယ်ရှိသူမှစ၍ အသက် ၂၁ အရွယ် လူငယ်များလည်း ပါဝင်သည်။
၎င်းတို့ထဲတွင် အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး၊ နာတာရှည် ရောဂါကြောင့် မိမိကိုယ်မိမိ သတ်သေသူ သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် ကျန် လူငယ် ၃ ဦးသည် မူးယစ်ဆေးဝါးသုံးစွဲထားသူများ ဖြစ်သည်ဟု စခန်းဥက္ကဌ စောဆန်းဒေးက ပြောသည်။

“ သေဆုံးတဲ့အမှုမှာ ပြန်ကြည့်လိုက်ရင် နာတာရှည်ရောဂါ ဝေဒနာခံစားရသူနဲ့ မူးယစ်ဆေးဝါး သုံးဆွဲမှုရှိတဲ့ လူတွေ ဖြစ်တယ်။ နာတာရှည်ရောဂါခံစားရဲ့သူတွေက သူတို့က ဆီးချိုသွေးချို ဆေးစွဲသောက်နေရတဲ့ သူတွေ ဖြစ်တယ်။ ကျန်တဲ့ လူငယ်နဲ့ လူလတ်တွေက အဓိက မူးယစ်ဆေးဝါးသုံးစွဲတာကြောင့်ဘဲ။ တစ်ခြားကြောင့်တော့ မဟုတ်ဘူး။ အခုစခန်းမှာပြန်ကြည့်ရင် အလုပ်အကိုင်အခွင့်အလမ်း စတင်ဖန်တီးပေးနေပြီး “ ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဆွဲကြိုးချသေဆုံးသူများထဲမှ ၄ ဦးသည် စခန်းအတွင်း၌ နေအိမ်အနီးပတ်ဝန်းကျင်းနှင့် ခြံထဲတွင် ဆွဲကြိုးချ သေဆုံးခြင်းဖြစ်သည်။ ကျန် အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံဆာကဲခရိုင်ရှိ အလုပ်သွားရောက်လုပ်သည့် ကြံစိုက်ခင်း လုပ်ငန်းခွင်အတွင်း ဆွဲကြိုးချသေဆုံးခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများ သေကြောင်းကြံမှု များလာသည့် အပေါ် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များဘက်မှလည်း ဒုက္ခသည်စခန်းထဲသို့ လာရောက် ကြည့်ရှု့ မည်ဟုလည်း သိရသည်။

အလားတူ မိမိကိုယ်ကိုယ် သေကြောင်းကြံမှု ပြီးခဲ့သည့် ၂၀၁၇- ၂၀၁၈ ခုနှစ်တုန်းကလည်း မယ်လဒုက္ခသည် စခန်းထဲတွင် ဖြစ်ပွားမှုများခဲ့သလို သက်ဆိုင်ရာ အဖွဲ့အစည်းများက စခန်းအတွင်း အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း ယခုနောက်ပိုင်း အသိပညာပေး ခြင်း နည်းလာပြီးနောက် ယခု နှစ်တွင် ပြန်အဖြစ်များ လာခြင်း ဖြစ်သည်ဟု သိရသည်။