နိုဝင်ဘာ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေကော်ဒေသအနီးရှိ မင်းလက်ပံကျေးရွာကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်က စစ်အုပ်စု ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယခုသတင်းရေးသားနေချိန်အထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း စစ်ရှောင်များထံမှသိရသည်။
ဂျက်ဖိုက်တာတစ်စီးဖြင့် ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်တွင် မင်းလက်ပံသို့ ဗုံးကြဲချသွားခြင်းဖြစ်ပြီး အုန်းတောအစပ်သို့ကျရောက်ပေါက်ကွဲကာ နေအိမ်ထိမှန်ပျက်စီးမှုရှိသည်ဟု မင်းလက်ပံရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“လေယာဥ်ပျံသွားတာနိမ့်နိမ့်လေးပဲမြင်ရတယ်။ အုန်းတောရဲ့ကွင်းစပ်မှာနေတဲ့ တဲတစ်လုံးထိတယ်။ တစ်ပတ်ပဲဝဲသွားပြီး ဟိုးဘက်တွေကိုချတဲ့အသံတော့ကြားတယ်။ တော်လှန်ရေးသမားတွေရှိမယ်ထင်တဲ့နေရာတွေဖြစ်မယ်၊ ကျောက်ဂူဘက်တို့ လေးကေကော်ဘက်တို့ပေါ့၊ အားလုံးပေါင်း ၆လုံးလောက်ရှိမယ်” ဟု အသက်(၅၀)ဝန်းကျင်အရွယ် ထိုမင်းလက်ပံရွာသားက ဆိုသည်။
မင်းလက်ပံကျေးရွာနားတစ်ဝိုက် စစ်ရှောင်နေရသူများကို ဆက်သွယ်မေးမြန်းရာတွင်လည်း လေယာဥ်ကြဲချပြီးနောက် စစ်အုပ်စုက လက်နက်ကြီးများဖြင့်ပါ လက်ရှိအချိန်အထိ ဆက်တိုက်ပစ်ခတ်နေသည်ဟု သိရသည်။
လေးကေကော်မှစစ်ရှောင်နေရသူ အမျိုးသမီးတစ်ဦးကလည်း “လေယာဥ်ကျသံကြားတာတော့ ရွာဘက်ကိုကျမယ်ထင်တယ်။ ဝူးဆိုတစ်ခါတည်းကြဲချပြီး အသံကပျောက်သွားတာ။ ပြီးတော့အလုံးကြီးတွေထုတာ အခုထိ” ဟု ကေအိုင်စီသို့ ပြောသည်။
လေယာဥ်နှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိမရှိကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါမင်းလက်ပံရွာသို့ဦးတည်၍ ပြီးခဲ့သည့် နိုဝင်ဘာ(၂၁)ရက်နေ့က စစ်အုပ်စုစစ်ကြောင်းဝင်လာသဖြင့် နယ်မြေခံ KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်အုပ်စုဘက်က DKBA ကပါ ပစ်ကူမှုရှိခဲ့သဖြင့် အချင်းချင်း ထိန်းသိမ်းလိုက်ရပြီး DKBA လုံခြုံရေးယူနေသည့် အွန်လိုင်းငွေလိမ်ခြံဝင်းကိုလည်း KNLA က ဖော်ထုတ်ထိန်းချုပ်လိုက်သည်။
ထို့နောက် မင်းလက်ပံရှိ ထိုကျားဖြန့်ခြံဝင်းအတွင်း DKBA တပ်ဖွဲ့ဝင်တစ်ချို့ရော ကျားဖြန့်လုပ်သားများကိုပါ KNLA က ထိန်းသိမ်းထားသည်ဟု တရားဝင်သတင်းထုတ်ပြန်ပြီးနောက်တွင် ယခုလိုလေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
မင်းလက်ပံ-အင်ကြင်းမြိုင်ကျေးရွာဘက်တွင် ပြီးခဲ့သည့် အောက်တိုဘာလကတည်းက စစ်အုပ်စုနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုဘက်က လုံခြုံရေးခြိမ်းခြောက်မှုများရှိခဲ့သဖြင့် အနီးတဝိုက်ကျေးရွာခံများ တစ်ဆထက်တစ်ဆ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသည်။



















