နိုဝင်ဘာလ ၇ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နိုဝင်ဘာလ ၇ နေ့တွင် ကျရောက်မည့် (၇၀) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင် ကရင်ပြည်နယ်ရှိ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ မြို့စသည့် ကိုယ်စားပြုဒုံးအဖွဲ့ (၂၀ ) ယှဉ်ပြိုင်သွားမည်ဟု ဒုံး ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
ယခုနှစ်ပြိုင်ပွဲတွင် မြဝတီခရိုင်ဒုံး၊ ကော့ကရိတ်၊ လှိုင်းဘွဲမြို့နယ် ကိုယ်စားပြုဒုံးများ၊ ဖားအံ မြို့နယ်ရှိ မြို့တော်ဒုံး၊ ကော့ပရံဒုံး၊ ရသေ့ပျံစုပေါင်းဒုံး နှင့် လွန်းညဒုံး စသည်တို့ အသီးသီး စာရင်းပေးသွင်းထားကြောင်း သိရသည်။
ယခုနှစ် ဒုံးပြိုင်ပွဲများကို နိုဝင်ဘာ ၅ မှ ၈ ရက်နေ့ အထိ ညအချိန်တွင် ယှဉ်ပြိုင် တင်ဆက်ကပြမည် ဖြစ်ကြောင်း ဖားအံမြို့နယ်အတွင်းမှ ဒုံးအဖွဲ့ ခေါင်းဆောင် တစ်ဦးက ယခုလို ပြောသည်။
“ ဒီနှစ် ပြိုင်ပွဲဝင် ဒုံးအဖွဲ့ က ၂၀ ရှိမယ်။ ပြိုင်ပွဲဝင်ရမယ့် ရက်က ၅ ရက်ကနေ ၈ ရက်နေ့အထိ ၄ ရက်ပေါ့။ တည ၁၀ ဒုံးစီ ယှဥ်ပြိုင်သွားမယ်။ မနှစ်က ဒုံးအဖွဲ့တွေ တော်တော်များများ ပြန်ပါလာကြပါတယ်။ ပြည်နယ်နေ့မှာ နှစ်စဉ်နှစ်တိုင်း ဒုံးရိုးရာယဉ်ကျေးမှုအက မပျောက်ပျက်အောင် ထိန်းသိမ်းသွားဖို့အတွက် ပါဝင်ယှဥ်ပြိုင်ဖြစ်တာပါ ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
နှစ်စဉ်နီးပါး အစဉ်အလာမပျက် ကျင်းပလေ့ရှိသည့် ပြည်နယ်နေ့တွင် ယခုနှစ် ဒုံးအကပြိုင်ပွဲတွင် ထိုင်းရောက် ကရင်လူငယ်များဖြင့် ဖွဲ့စည်းထားသော ပရဟိတအဖွဲ့ ယဥ်ကျေးမှုဒုံးအဖွဲ့က ပထမဦးဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်ခဲ့သည်ဟု အဆိုပါ ဒုံးအဖွဲ့ ဦးစီးဆောင်ရွက်နေသူက ဖြည့်စွက်ပြောသည်။
ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးယိမ်းပြိုင်ပွဲသို့ နှစ်စဉ်နှစ်တိုင်း ဒုံးအဖွဲ့များက အကြိတ်အနယ် ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိပြီး ဆုရွေးချယ်ရာတွင် အဓိကကျသည့် အမှတ်ပေးဒိုင်များ ဘက်လိုက်မှု၊ လာဘ်စားမှုများရှိသည်ဟု ဝေဖန်မှုများရှိခဲ့ဘူးသည်။
ထို့ကြောင့် ပြိုင်ပွဲတွင်လည်း ဆုရဒုံးအဖွဲ့များ ရွေးချယ်မှုအပေါ် အင်တာနက်လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန် မှုများ မျိုးစုံရှိနိုင်သည်ဟု ဖားအံမြို့ခံများက ခန့်မှန်း ပြောဆိုသည်။
‘’နောက်ပိုင်း ဒုံးယှဉ်ပြိုင်မှုဘက်မှာတော့ သမာသမတ်မကျတော့ဘူး။ အမှတ်ပေးဒိုင်တွေလည်း ဘက်လိုက်မှုရှိလာတယ်။ ဆုရမယ့်ဒုံးအဖွဲ့က မရပဲဖြစ်ခဲ့တာတွေ ရှိတယ်။ ပြီးတော့ ခုခေတ် ဒုံးဆရာတွေကလည်း ရိုးရာ၊ ယဉ်ကျေးမှုအတွက်သာပြောတာ ကိုယ်ကျိုးပိုရရှိဖို့ပဲ လုပ်နေကြတာ များပါတယ်” ဟု မြို့ခံတစ်ဦက မှတ်ချက်ပြုပြောသည်။
ပွဲတော်ကာလ၌ ကရင့်ရိုးရာ လက်ဝှေ့ပွဲ၊ ဘော်လုံးပွဲ အပါအဝင် အားကစားပြိုင်ပွဲ၊ ဒုံးပြိုင်ပွဲ၊ စင်မြင့် တေးဂီတ (စတိတ်ရှိုး)များအပါအဝင် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် စီစဥ်ထားကြောင်း မြို့ခံများထံမှ သိရသည်။


















