နိုဝင်ဘာ ၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျားဖြန့်လုပ်ငန်းများဖြင့် နာမည်ကျော်နေသည့် မြဝတီမြို့ နယ်၊ ထိုင်း-မြန်မာ နယ်စပ်အနီးရှိ KK Park ဝန်းကို နိုင်ငံတကာက အမြင်ရှင်းရန် ဖြိုချဘို့ စစ်တပ်ကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု ကရင်နယ်ခြားစောင့်တပ်၊ အမှတ် (၂)၊ စစ်ဒေသ စစ်ဆင်ရေးမှူး၊ ဗိုလ်မှူးချုပ်စောတင်ဝင်းက ပြောသည်။
အာဏာသိမ်းစစ်အုပ်စုက ကျားဖြန့်လုပ်ငန်းများကို ရှင်းလင်းနေကြောင်း ပြသချင်သည့်အတွက် လုပ်ဆောင် နေခြင်းဖြစ်သလို ၎င်းတို့ဘက်က တားမြစ်ပါက ကျားဖြန့်လုပ်ငန်း အားပေး သည်ဟု ထင်မြင်နိုင်သည့်အတွက် ဖြိုချခွင့် ပေးလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ယခုလို ပြောသည်။
“ဒီကျားဖြန့်တစ်ခုက သူများမကောင်းပြောဆိုတာကို ကျနော်တို့တော်တော်ခံရယ်။ ကျားဖြန့်တွေကို ကာကွယ် ပေးရင် ကျနော်တို့အတွက်မကောင်းဘူး ရေရှည်ကြည့်ရတာပေါ့။ နိုင်ငံတကာတွေကလည်း သူတို့ကို ဖိအားပေး တာရှိတဲ့အခါကျတော့ ကျနော်တို့လည်း စကားများပြီးပြန်မပြောချင်ဘူး။ နိုင်ငံအစိုးရဘက်ကလည်း ဒီကိစ္စကို သူတို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်တယ်ဆိုတော့ ဖျက်တာကိုပြချင်တော့ ဖျက်ပေါ့ ခွင့်ပြုပေးလိုက်တယ်” ဟု ဗိုလ်မှူးချုပ်စောတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။
KK Park ဝန်းရှိ အဆောက်အဦးများကို စစ်အုပ်စုဘက်မှယမ်းမိုင်းဖြင့် နေ့စဉ်ဖောက်ခွဲဖျက်ဆီးကာ လက်ရှိ အချိန်တွင် လေးပုံတွင် တစ်ပုံကျော် ဖောက်ခွဲဖျက်ဆီးပြီးသွားပြီဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ကျားဖြန်နှင့်ပတ်သက်၍ KK Parkအပြင် DKBA ထိန်းချုပ်သည့်နယ်မြေနှင့် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ်တွင် အများအပြားရှိနေသော်လည်း အလားတူ ဖြိုခွင်းဖို့ ရှိမရှိမသိရသလို လက်ရှိအချိန်တွင် စစ်အုပ်စုက KK Park တစ်ခုထဲသာ ဖြိုခွင်းနေသည်ဟု ဗိုလ်မှူးချုပ်တင်ဝင်းက ဖြည့်စွက်ပြောဆိုသည်။
အာဏာသိမ်းစစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက KK Park အွန်လိုင်းငွေလိမ်လုပ်ငန်း အတွက် ကေအဲန်ယူမှ မြေငှားရမ်းခ၊ လုံခြုံရေးစောင့်ရှောက်ခ ရယူနေသည့်ဟု ပြစ်တင်စွတ်စွဲသော်လည်း BGF ပတ်သက်ဆက်နွယ်မှုရှိသည်ကို ပြောဆိုထားခြင်းရှိပေ။
သို့သော်လည်း အဆိုပါ KK Park နှင့် ပတ်သက်၍ ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်းကို ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာလ ၂၆ ရက်နေ့တွင် သက်သေနှင့်တကွ ငြင်းဆိုထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့မှ စတင်၍ ထို KK Park ဝန်းအတွင်း အသုံးပြုနေသည့် စတားလင့် အင်တာနက် များကို စစ်အုပ်စုက ဝင်ရောက်စီးနှင်းကာအဖမ်းပြသည့် သတင်းထုတ်ပြန်ပြီးနောက် အောက်တို ဘာလ ၂၁ ရက်နေ့တွင် အဆိုပါဝင်းရှိ အလုပ်လုပ်နေသည့် နိုင်ငံခြားသားအပါအဝင် လူထောင်နှင့်ချီက စတင်ထွက်ခွာခဲ့သည်။
အဆိုပါထွက်ပြေးသည့် ကျားဖြန်လုပ်ကိုင်သူများသည် တစ်ဖက်ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသူရှိသလို မြဝတီမြို့ထဲရှိ ကုန်သွယ်ရေးဇုံ၊ မြို့မဘောလုံးကွင်းနှင့် ဟိုတယ်တချို့တွင် အာဏာသိမ်းစစ်အုပ်စုမှ ယာယီ တည်းခိုခွင့် ပြုထားခြင်းရှိသည်ဟု ဒေသခံထံမှ သိရသည်။
စစ်အုပ်စုဝင်ရောက် ဖမ်းဆီးပြီးထွက်ပြေးသည့် ကျားဖြန့်များကြောင့် မဲဆောက်၊ မယ်လမတ်နှင့် ထာ့ဆောင်ယမ်း မြို့နယ် နယ်စပ် နေရာများတွင် ထိုင်းအာဏာပိုင်ဘက်မှ စစ်ဆေးမှု ပိုမိုတင်းကြပ်လာသည့်အတွက် သွားလာနေရ သည့် ရွေ့ပြောင်းအလုပ်သမားများ အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။



















